နေပြည်တော်  ၁  မတ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူသဖြင့် ဥက္ကဋ္ဌအဖြစ် ပြည်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်အား လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် စဉ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်အား လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် မိုးကောင်းမဲဆန္ဒနယ်မှ ဦးဝင်းနိုင်၊ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊ ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်နီရွှေလျန်း၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်အေဇင်လတ်၊ လောင်းလုံမဲဆန္ဒနယ်မှ ဒေါ်ခင်စန္ဒီ၊ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ ဂန့်ဂေါ မဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ နွားထိုးကြီး မဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင်၊ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းခင်စော၊ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ ပဲခူးမဲဆန္ဒနယ်မှ  ဒေါက်တာ ဒေါ်ရွှေပုံနှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ချိုတို့ကို တာဝန်ပေးအပ် ဖွဲ့စည်းကြောင်းနှင့် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

မက်မန်း မဲဆန္ဒနယ် ဦးတင်အေး၏ မက်မန်းမြို့နယ်ရှိ နမ့်နန်းချောင်းမှ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးအတွက် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပေးရနှ် အစီအစဉ် ရှိ၊  မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဝန်ကြီးဌာနမှ ရှမ်းပြည်နယ် အစိုးရထံ ညှိနှိုင်းမေးမြန်းခဲ့ရာ နမ့်နန်းချောင်းမှ ရေအားလျှပ်စစ် ထုပ်လုပ်နိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ပြည်နယ်ရန်ပုံငွေဖြင့် လည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ရန်ပုံငွေဖြင့် လည်းကောင်း လျာထားဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်စီစဉ်ဆောင်ရွက်နေပါကြောင်း ရှမ်းပြည်နယ် အစိုးရ၏ကိုယ်စား ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာစောနိုင်၊ ချီဖွေမဲဆန္ဒနယ်မှ ဦးဇုံးတိန့်၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေး၊ သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦးနှင့် မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော တရားလွှတ်တော် ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဦးဇော်ဝင်းက အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ပြဋ္ဌာန်းသင့်ကြောင်းနှင့် လသာမဲဆန္ဒနယ်မှ ဒေါ်ခင်မို့မို့အောင်နှင့် ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစောတို့က မြန်မာဘာသာဖြင့် ပြင်ဆင်ပြဋ္ဌာန်းသင့်ကြောင်း တင်ပြဆွေးနွေးကြပြီး လွှတ်တော်၏ စက်ခလုတ်အသုံးပြု၍ သဘောထားရယူရာ ထောက်ခံမဲ ၂၁၃ မဲ၊ ကန့်ကွက်မဲ ၁၃၇၊ ကြားနေမဲ ၁ မဲဖြင့် ထောက်ခံမဲများသောကြောင့် ဥပဒေ ကြမ်းကော်မတီ၏ တင်ပြချက်ဖြစ်သည့် အင်္ဂလိပ်ဘာသာဖြင့် အတည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

ဆက်လက်၍ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း သဘောမတူဘဲ ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့် ပြင်ဆင်ချက် ၁၄ ချက်ကို လွှတ်တော်က သဘောတူ အတည်ပြုသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသဖြင့် အဆိုပါဥပဒေကြမ်းအား အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ယင်းနောက် သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်းတင်သွင်းသည့် မြန်မာ့လျှပ်စစ်ဖြန့်ဖြူးရေး ကဏ္ဍတွင် လျှပ်စစ်မီးလင်းရေး ကော်မတီများထံ ရင်းနှီးငွေထည့်ဝင်ရန် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရရှာသော ဆင်းရဲသား အများပြည်သူများလည်း ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ  လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန် နောင်အခါ ဖြန့်ဖြူးရေးတွင် ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သင့်တင့်သော ဈေးနှုန်းသတ်မှတ်ပေးခြင်း၊ အရင်းကျေကာလနှင့် အကျိုးခံစားခွင့်ကာလ သတ်မှတ်ပေးခြင်းတို့ကို ခိုင်မာသော စာချုပ်ချုပ်ပြီး အများပိုင်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ဖြန့်ဖြူးစေသော စနစ်ကောင်းတစ်ရပ် ဖော်ထုတ်ပေးရန် အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်က ကျေးရွာတွင်း ဓာတ်အားလိုင်းများ၊ ဓာတ်တိုင်များနှင့် ၄၀ဝ ဗို့အားလိုင်းများကို နိုင်ငံတော်က ပံ့ပိုးပေးမှသာ တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းရေးလုပ်ငန်း ပို၍အောင်မြင်မည် ဖြစ်ပါကြောင်း၊ မြို့ပြနေ ပြည်သူများနှင့် ကျေးလက်နေပြည်သူများ၏ လျှပ်စစ်သုံးစွဲရန် အခွင့်အရေးလည်း တူညီ မျှတသွားမည်ဖြစ်ပါကြောင်း၊ အဆိုအတိုင်း အများပိုင်ကုမ္ပဏီများကို ဆောင်ရွက်စေခြင်းဖြင့် လည်းကောင်း၊ ကျေးလက်မီးလင်းရေး ကော်မတီများကို ဌာနက စနစ်တကျ ကြီးကြပ်ကွပ်ကဲပြီး ပွင့်လင်းစွာဖြင့် စီးပွားရေးလုပ်ငန်းဆန်ဆန် စီမံဆောင်ရွက်ပေးခြင်းဖြင့် လည်းကောင်း ဆင်းရဲချမ်းသာမရွေး လူတိုင်းလျှပ်စစ်မီးသုံးစွဲနိုင်ရန် စနစ်ကောင်းတစ်ရပ် ရှာဖွေဆောင်ရွက်သင့်ကြောင်း ထောက်ခံအကြံပြုသည်။

အလားတူ  မြို့သစ်မဲဆန္ဒနယ်မှ ဦးသာအောင်၊  စေတုတ္ထရာ မဲဆန္ဒနယ်မှ  ဦကျော်အောင်လွင်နှင့် ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးတို့က ဆက်လက်ဆွေးနွေးကြသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မီးလင်းရေးကော်မတီကို ဖွဲ့စည်းရန် ညွှန်ကြားထားခြင်း မရှိသကဲ့သို့ မီးလင်းရေးကော်မတီကို ဖွဲ့စည်းထားသည်ကို အတည်ပြုပေးခြင်း မရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သည့်အခါ ရင်းနှီးမြှုပ်နှံရမည့် ပမာဏများပြားခြင်း၊ နည်းပညာဆိုင်ရာ ကိစ္စရပ်များ သာမန်အဆင့် ထက်ပိုလွန်ခြင်း၊ အများပြည်သူကို လျှပ်စစ်ဓာတ်အား ရောင်းချရမည့် ဈေးနှုန်းသည်လည်း အများပိုင်ကုမ္ပဏီများ ဆောင်ရွက်လာမည်ဆိုပါက ဈေးနှုန်းများ မြင့်မားလာနိုင်ခြင်း၊ ဆောင်ရွက်မည့် ကုမ္ပဏီအကျိုးအမြတ် ရရှိရန်အတွက် ဝန်ကြီးဌာနက စဉ်းစားပေးရမည် ဆိုပါက အစိုးရက ထိုကုမ္ပဏီများကို နှစ်စဉ်ထပ်မံ၍  အရှုံးထပ်ခံပေးမှသာ ကုမ္ပဏီများ၏ စီးပွားရေး ဖြစ်နိုင်ချေ ပေါ်ပေါက်လာမည် ဖြစ်သောကြောင့် လက်ရှိပြည်သူများကို ရောင်းချနေရသည့် အရှုံးနှင့် အများပိုင်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရပ်တည်ရေးအတွက် အစိုးရမှ အရှုံးများသာ  ထပ်မံပေါ်ပေါက်လာ မည်ဖြစ်ပါကြောင်း။

ပြည်သူများ၏ အကျိုးထက် ကုမ္ပဏီ၏အကျိုးကို ရှေ့တန်းတင်လုပ်ကိုင်လာမည့် အများပိုင် ကုမ္ပဏီများ၏ ပြဿနာအားလုံးသည် တစ်နိုင်ငံလုံးအနှံ့ မြန်ဆန်စွာ ဖြစ်ပေါ်လာမည်ဆိုပါက ယခု ကျေးရွာမီးလင်းရေး ကော်မတီများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နေရသည့် အနေအထားထက် အခက်အခဲများ ပိုမိုပေါ်ပေါက်လာမည်ကို ကြိုတင်စဉ်းစားကြရန်လည်း လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျေးရွာမီးလင်းရေး ကော်မတီများဖွဲ့စည်းကာ မီးလင်းရေး လျှောက်ထားမှုများကို အနာဂတ်ကာလ တစ်ခုတွင် ယခုကာလကဲ့သို့ ဆက်လက်ဆောင်ရွက်မှုများ မပြုလုပ်ရန်လည်း စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းချက်အရ တိုင်းဒေသကြီးအတွင်းတွင် NEP Plan ၊ ၁၁ ကေဗွီလိုင်းနှင့် ၁၁ ဒသမ ၄ ထရန်စဖော်မာများ တည်ဆောက်တပ်ဆင်ပေးမည့် ကျေးရွာများ အားလုံးအတွက် လိုအပ်သော ၄၀ဝ ဗို့ ဓာတ်အားလိုင်းများ၏ ဘဏ္ဍာရန်ပုံငွေကို တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအလိုက် ရန်ပုံငွေတွင် အချိန်မီ ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဟု ညှိနှိုင်း သဘောတူညီချက် ရရှိပါကြောင်း၊ ထိုကဲ့သို့ ညှိနှိုင်းသဘောတူ ရရှိချက်များကို ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် ဝန်ကြီးဌာနက ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ပါကြောင်း၊ ညှိနှိုင်းသဘောတူချက်ရရှိခဲ့ပါက ကိုယ်စားလှယ်များ စိတ်ပူနေသည့် ၄၀ဝ ဗို့ ဓာတ်အားလိုင်းများအတွက် ကျေးရွာသူ၊ ကျေးရွာသားများ ဝန်ထုပ်ဝန်ပိုးများစွာ လျော့နည်းပပျောက် ပြေလည်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ လုပ်ဆောင်မည်ဆိုပါက ကျေးရွာမီးလင်းရေး ကော်မတီများနှင့် အများပိုင် ကုမ္ပဏီများလည်း မလိုအပ်တော့ပါကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် မြို့နေအိမ်ခြေများကဲ့သို့ တစ်ပြေးညီ တန်းတူညီမျှ အခွင့်အရေးများ ရရှိလာမည် ဖြစ်ပါကြောင်း။

လိုအပ်သည့် ဘဏ္ဍာရန်ပုံငွေ မြောက်များစွာ ဆက်လက်ရှိနေမည်ဖြစ်သောကြောင့် ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် လက်ရှိ အလွန်နည်းပါးနိမ့်ကျနေသည့် လျှပ်စစ်ဓာတ်အား နှုန်းထားကို ပြင်ဆင်သတ်မှတ်နိုင်ပါက ဘတ်ဂျက်ဆုံးရှုံးမှုများ မရှိတော့သည့်အခါ ပြန်လည်ကာမိသွားမည့် ရန်ပုံငွေများဖြင့် ကျေးရွာများအတွက် လိုအပ်နေသည့် ၄၀ဝ ဗို့ဓာတ်အားလိုင်းများကို နှစ်စဉ်တိုးချဲ့ တည်ဆောက် ဆောင်ရွက်ပေးသွားနိုင်မည့် အခွင့်အလမ်းကို ရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊  အမှန်တကယ် ရေရှည်တွင် ပြေလည်စေနိုင်မည့် နည်းလမ်းကို ဖြေရှင်းဆောင်ရွက်သွားနိုင်ရန် ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေကို ဝိုင်းဝန်းထောက်ခံပေးပါရန်နှင့် လက်ရှိ လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ကျေးရွာများအတွက် လျှပ်စစ်ဓာတ်အားကို ဝန်ထုပ်ဝန်ပိုးမရှိဘဲ  အသုံးပြုနိုင်ရန်အတွက် စေတနာအထူးရှေ့ထားပြီး တင်သွင်းခဲ့သည့် အဆိုရှင်အား အသိအမှတ်ပြုပါကြောင်းနှင့် အဆိုအား မှတ်တမ်းအဖြစ် ထားရှိပေးနိုင်ပါရန် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က မှတ်တမ်းအဖြစ် ထားရှိပေးပါရန် ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့် စပ်လျဉ်း၍ မှတ်တမ်းတင်ရန် လွှတ်တော်၏ ဆန္ဒရယူရာ သဘောမတူသူ မရှိသည့်အတွက် အဆိုကို လွှတ်တော်က မှတ်တမ်းတင်မည်ဖြစ်ကြောင်း ကြေညာသည်။          

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ကို မတ် ၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)

 

mdn