ရန်ကုန် ဇူလိုင် ၁
ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံတည်းတွင်ရှိသည့် တိုက်လိပ်မျိုးစိတ်သည် ခန္တီးမြို့နယ် ချင်းတွင်းမြစ်ဘေးရှိ လင်းဖားရေလည်ကျွန်းဘုရား သဘာဝသောင်ပြင် မူရင်းဒေသ၌ ရှင်သန်ကျက်စားလျက်ရှိပြီး မူရင်းဒေသနှင့် ဥယျာဉ်များတွင် တိုက်လိပ်ကောင်ရေ ၁၀၀၀ ကျော်ကို ထိန်းသိမ်းကာကွယ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ခန့် တိုက်လိပ်ကို မျိုးပွားထိန်းသိမ်းစောင့်ရှောက်ခဲ့ရာ တစ်နိုင်ငံလုံးတွင် ကောင်ရေ ၁၀၀၀ ကျော် ရှင်သန်ကျက်စားလျက်ရှိပြီး သဘာဝဂေဟစနစ်နှင့် လိုက်လျောညီထွေမှုရှိစေရန် ချင်းတွင်းမြစ်အတွင်း လှောင်အိမ်စနစ်ဖြင့် မွေးမြူထိန်းသိမ်းခဲ့ကာ ခြံလှောင်မွေးမြူမှု တစ်နှစ်ပြည့်ချိန်တိုင်းတွင် သဘာဝနယ်မြေအတွင်းသို့ ကောင်ရေ ၂၀၀ ကျော်လွှတ်ပေးနိုင်ခဲ့ပြီး ဇွန်လတတိယပတ်က ချင်းတွင်းမြစ်အတွင်းသို့ အထီး ၂၅ ကောင်နှင့် အမ ၂၅ ကောင်အား ဒေသခံပြည်သူများနှင့်အတူ ခြောက်ကြိမ်မြောက်အဖြစ် လွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့တိုက်လိပ်၏ အမကျောခွံမှာ အညိုရောင် သို့မဟုတ် မီးခိုးရောင်ရှိပြီး အထီးမှာ ထင်ရှားသော အမဲရောင်အစင်းသုံးခု ပါရှိလေ့ရှိကြောင်း၊ အရွယ်ရောက်လိပ်၏ကျောခွံမှာ ၅၈ စင်တီမီတာအထိ ရှည်လျားလေ့ရှိပြီး ရင်ဘတ်အခွံမှာ အဝါရောင် သို့မဟုတ် နို့နှစ်ရောင်ရှိကြောင်း၊ ဦးခေါင်းနှင့် လည်ပင်းသည် အညို သို့မဟုတ် အစိမ်းရောင်ဖြင့် မကြီးမသေးသော ဦးခေါင်းပုံတွင် အနည်းငယ်ချွန် ထွက်နေသည့် နှာယောင်ရှိကြောင်း သိရသည်။ ယခင်က မြန်မာ့တိုက်လိပ်မျိုးစိတ်များမှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်နှင့် ယင်းတို့၏ မြစ်လက်တက်တို့တွင် ကျက်စားခဲ့ကြပြီး မျိူးစိတ်ပြတ်သွားပြီးနောက် ၂၀၀၄-၂၀၀၅ ခုနှစ်တွင် ခန္တီးမြို့နယ်နှင့် မိုင် ၂၀ အကွာရှိ လင်းဖားရေ လည်ကျွန်းဘုရား သဘာဝနယ်မြေသောင်ပြင်၌ တိုက်လိပ်ဥများကို ပြည်ပမှ တွားသွားသတ္တဝါပညာရှင်များ ပြန်လည်တွေ့ရှိခဲ့ရာမှ သုတေသနလုပ်ငန်းများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အထက်ချင်း တွင်းတိုက်လိပ်ထိန်းသိမ်းရေးအဖွဲ့ (NGO) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုက်လိပ်မျိုးစိတ်များ ရှင်သန်နိုင်ရေး ကာကွယ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။
ကမ္ဘာပေါ်တွင် လိပ်မျိုးစိတ်ပေါင်း ၃၀၀ ခန့်ရှိပြီး မြန်မာနိုင်ငံ၌ ၃၂ မျိုးရှင်သန်လျက်ရှိရာ နေထိုင်ကျက်စားမှုအပေါ်မူတည်၍ ကုန်းလိပ်နှင့်ရေလိပ်ဟူ၍ ခွဲခြားထားသည်။ ရေလိပ်တွင် ရေချိုလိပ်နှင့် ပင်လယ်လိပ်ဟူ၍ ဂေဟစနစ်အလိုက် ရှင်သန်ကျက်စားလျက်ရှိပြီး လိပ်အများစုမှာ အစုံစားလေ့ရှိကာ အသားစားသောလိပ်နှင့် အရွက်စားသောမျိုးစိတ်အဖြစ် ကွဲပြားလျက်ရှိသည်။ လိပ်တွင် သွားမပါသောကြောင့် အရိုးကဲ့သို့မာကျောသော နှုတ်ခမ်းများဖြင့် အစာကို ကိုက်ဖြတ်စားသောက်လေ့ရှိပြီး ကုန်းလိပ်အများစုမှာ အသီးအရွက်ကိုစားလေ့ရှိ၍ ရေလိပ်အများစုမှာ အစုံစား (Generally omnivores) လိပ်များ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့ (IUCN Red List) က တိုက်လိပ်ကို ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန်အန္တရာယ်ရှိနေသည့် မျိုးစိတ်တစ်ခုအဖြစ် ထည့်သွင်းထားပြီး မြန်မာနိုင်ငံတွင် သစ်တောဥပဒေဖြင့် ကာကွယ်ထိန်းသိမ်းထားသည်။
“မြန်မာ့တိုက်လိပ်ဟာ ကမ္ဘာမှာမရှိတဲ့ မျိုးစိတ်ဖြစ်တဲ့အတွက် နိုင်ငံအတွက် အထူးဂုဏ်ယူရပါတယ်။ လိပ်ဟာရေချိုဂေဟစနစ်ကို အကျိုးပြုစေတာကြောင့် ရှင်သန်ကျက်စားဖို့အတွက် မျိုးပွားရာမှာ မူရင်းဒေသမှာပဲ ထိန်းသိမ်းကာကွယ်ရေးကို လုပ်ဆောင်ရပါတယ်။ အထူးသဖြင့် တိုက်လိပ်ကို ဘာကြောင့် ထိန်းသိမ်းရတယ်ဆိုတာ ဒေသခံပြည်သူတွေ သိရှိနားလည်အောင် အသိပညာပေးလုပ်ငန်းတွေနဲ့ ကြိုးစားခဲ့ရပါတယ်။ ကောင်ရေ ၂၀၀ ကျော် သဘာဝနယ်မြေကို လွှတ်နိုင်ခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံမှာ ကောင်ရေ ၁၀၀၀ ကျော်ရှင်သန်နေပါတယ်။ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှမရှိတဲ့ မျိုးစိတ်ဖြစ်တဲ့အတွက် ဆက်လက်ရှင်သန်ပြီး မျိုးပွားနိုင်အောင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနဲ့ လက်တွဲဆောင်ရွက်နေပါတယ်” ဟု အထက်ချင်းတွင်း လိပ်ထိန်းသိမ်းရေးအဖွဲ့တာဝန်ခံ ဦးမျိုးမင်းဝင်းက ပြောသည်။
အာဆီယံနိုင်ငံများတွင် တိုက်လိပ်မျိုးစိတ်မရှိပဲ စင်္ကာပူတိရစ္ဆာန်ဥယျာဉ်၌ မြန်မာနိုင်ငံမှ တိုက်လိပ်အနည်းငယ် မွေးမြူပြသထားပြီး ကမ္ဘာဒီယားနိုင်ငံတွင် တိုက်လိပ်မျိုးစိတ်မဟုတ်သော ဆင်တူရိုးမှား မျိုးစိတ်အဖြစ်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ မူရင်းဒေသအဖြစ် ခန္တီးခရိုင် ချင်းတွင်းမြစ် လင်းဖား ရေလည်ကျွန်းဘုရား သောင်ပြင်တွင် ရှင်သန်ကျက်စားလျက်ရှိသည်။ တိုက်လိပ်ကို ရတနာပုံတိရစ္ဆာန် ဥယျာဉ်၊ ပုဂံလောကနန္ဒာဥယျာဉ်နှင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တို့တွင် မွေးမြူပြသထားပြီး နှစ်ပေါင်း ၆၀ မှ ၁၀၀ ခန့်အထိ ရှင်သန်နေထိုင်နိုင်ကြောင်းနှင့် လိပ်ကျောကုန်းအလျားမှ အရစ်ကိုကြည့်၍ အသက်ကို တွက်ချက်လေ့ရှိကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ- ကနူး


