မွန် ဇူလိုင် ၁

မွန်ပြည်နယ်တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ၉၀၀၀၀၀ ကျော် ဝင်ရောက်လည်ပတ်ခဲ့ပြီး ယခင်နှစ်ထက် ၆၁ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ ပြည်ပခရီးသွားများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့မှ အများဆုံး ဝင်ရောက်ခဲ့သည်။

မွန်ပြည်နယ်တွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ဟိုတယ်လုပ်ငန်း လိုင်စင်များ၊ ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လအလိုက် ရာသီပွဲတော်များ၊ ခရီးသွားမြှင့်တင်ရေးနှင့် ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အများဆုံးဝင်ရောက်လည်ပတ်သည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၊ ကျိုက်သလံစေတီတော်၊ တောင်ဝိုင်းတောင်၊ ကျိုက္ခမီရေလယ်ဘုရား၊ အတောင် (၄၀၀)ပြည့် လျောင်းတော်မူဘုရားကြီး (ဝင်းစိန်တောရ)၊ စက်စဲကမ်းခြေ၊ ဇင်းကျိုက်ရေတံခွန်၊ ဆင်ရွာရေတံခွန် စသည့်နေရာတို့တွင် ခရီးသွားဧည့်သည်များမှ အများဆုံး ဝင်ရောက်လည်ပတ်ကြသည့် နေရာများ ဖြစ်ကြောင်း၊ ပွင့်လင်းရာသီမှစ၍ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ မတ်၊ နိုဝင်ဘာလများတွင် ခရီးသွားဧည့်သည် အများဆုံးလာရောက်ကြသည့် လများဖြစ်ကြောင်း၊ ခရီးသွားဧည့်သည်များ တည်းခိုရန်အဆင်ပြေစေရေးအတွက် ကိုဗစ်-၁၉ စည်းမျည်းစည်းကမ်းချက်များနှင့်အညီ ဝန်ဆောင်မှုပေးနိုင်ရေး၊ National Level အဆင့် ဆုတံဆိပ်များ ပေးအပ်ခြင်းအပြင် ဟိုတယ်များတွင် ကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ ဆွေးနွေးပွဲ၊ ဟောပြောပွဲများနှင့် လစဉ်ကွင်းဆင်းစစ်ဆေးခြင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်းနှင့် မသန်စွမ်းခရီးသွားဧည့်သည်များ ပါဝင်ပါကလည်း အဆင်ပြေလည်ပတ်နိုင်စေရန် ဆောင်ရွက်ပေးထားကြောင်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မွန်ပြည်နယ်တွင် ဟိုတယ်တည်းခိုရိပ်သာ စုစုပေါင်း(၈၉)လုံးရှိ၍ အခန်းပေါင်း(၃၁၅၁) ခန်းရှိသည့်အပြင် တိုးမြှင့်ဖွင့်လှစ်နိုင်မည့် အစီအစဉ်များကိုလည်း တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)