နေပြည်တော်၊ ဇူလိုင် ၁
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (တတိယအကြိမ်) ကို ယနေ့နံနက်ပိုင်းတွင် တည်းခိုရေးစခန်း (ရွာတော်) ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။ 
အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်သည် မဲစာရင်းမှန်ကန်ရေးဖြစ်ကြောင်း၊ မဲစာရင်း မှန်ကန်ရေးသည် လူဦးရေစာရင်း မှန်ကန်ပြည့်စုံမှုအပေါ်တွင် မူတည်နေကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်သည် မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး လူဦးရေစာရင်းများကို စိစစ်ပေးခဲ့ကြောင်း၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ဗဟိုကော်မတီမှ အသက် ၁၈ နှစ် ပြည့်ပြီးသည့် လူဦးရေစာရင်းများကို ကော်မရှင်သို့ ပေးပို့လျက်ရှိပြီး လူဦးရေစာရင်း (ပထမမူကြမ်း) နှင့် (ဒုတိယမူကြမ်း) တို့ကို လက်ခံရရှိပြီး ဖြစ်ကြောင်း။
စာရင်းများကို မြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲခြင်းစနစ် (Admin and DEO Software) နှင့် ဗဟိုမဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် (CVLMS) တို့ကို အသုံးပြုပြီး မြို့နယ်အလိုက် မဲရုံတစ်ခုချင်းစီအထိ စာရင်းထည့်သွင်းခြင်းကို ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ တတိယမူကြမ်းကို ထပ်မံပေးပို့လာပြီဖြစ်သည့်အတွက် အလားတူ စာရင်းထည့်သွင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နောက်ဆုံး CVLMS ထဲသို့ ရောက်ရှိသွားသည့် စာရင်းများသည် အခြေခံမဲစာရင်းများဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှ ပဉ္စမမြောက် လုပ်ငန်းဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာ၌ မဲစာရင်း မှန်ကန်ရေး ပြင်ဆင်မှုကို ဦးစားပေးလုပ်ဆောင်နေကြောင်း။ 

 


ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းများသည် ရွေးကောက်ပွဲ အတွေ့အကြုံ အတန်အသင့် ရှိကြပြီဖြစ်ကြောင်း၊ သို့သော်လာမည့်အထွေထွေရွေးကောက်ပွဲတွင် တစ်ခါမှ မလုပ်ဖူးသေးသည့် ရွေးကောက်ပွဲစနစ်နှင့် မဲပေးနည်းအသစ် နှစ်ခုလုပ်ရန်ရှိသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ ကျင့်သုံးနေကျဖြစ်သည့် FPTP စနစ်အပြင် PR စနစ်ကိုပါ အသုံးပြုသွားမည်ဖြစ်၍ မဲလက်မှတ် (Ballot) ဖြင့် မဲထည့်ခြင်းအပြင် အချို့ မဲဆန္ဒနယ်များတွင် EVM ဟုခေါ်သည့် အီလက်ထရောနစ် မဲပေးစက်ဖြင့်လည်း မဲပေးရမည်ဖြစ်ကြောင်း ပြောကြား သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးမှ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဝန်ထမ်းများ တက်ရောက် ကြပြီး ဇူလိုင် ၁ ရက်မှ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်