နေပြည်တော်၊ ဇူလိုင် ၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်၏ဝန်စည်တစ်ခုအတွင်းမှ
တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ရေမွှေးမျိုးစုံ (၄၂)ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၅၇,၄၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ ဇွန် ၂၉ ရက်တွင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ဝဲကြီးကွေ့၊ အတ္တရံမြစ်ကမ်းဘေးအနီး၌ စုပုံထားသော ပီပါ (၉၈)လုံး အတွင်းမှ တရားမဝင် စက်သုံးဆီဟု ယူဆရသော ဓါတ်ဆီဂါလန် (၄၁၃၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၄၃၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇွန် ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မော်တော်ယာဉ် လေးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ပန်းသီးကီလိုဂရမ် (၁၁၅၀) ၊ လိမ္မော်သီး (၂၇၂) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းရှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၆၇၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Toyota Hiace လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၈,၆၇၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၂၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ တရားမဝင်သစ်ခုတ်ရာတွင် အသုံးပြုသည့် ရွေ့ပြောင်းလွှဝိုင်း တစ်ခု (သံခုံပါ) နှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇွန် ၃၀ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်နှင့် ရမ်ပူရပ်ကွက်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်သည့် Honda Fit နှစ်စီး၊ Toyota Crown နှစ်စီး၊ Honda Airwave တစ်စီး၊ Lexus တစ်စီး၊ Toyota Ipsum တစ်စီး၊ Nissan Note တစ်စီး၊ Land Cruiser တစ်စီးနှင့် Toyota Mark II တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈,၇၀၀,၀၀၀) နှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များဖြစ်သည့် Shayan-125 တစ်စီး၊ Yunde-110 တစ်စီး၊ Coxystar Click တစ်စီး အပါအဝင် မော်တော်ဆိုင်ကယ် (၁၀) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၇၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၃,၄၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၂၈ ရက်၊ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၉,၄၅၇,၄၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်