နေပြည်တော်  ဇူလိုင်  ၁ 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉာဏ်ထွန်းသည် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ ဝါးတရာကျေးရွာအနီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရာကြီး-လှိုင်သာယာ လှိုင်မြစ်ကျော် ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် လှိုင်မြစ်ကျော် ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ၅၀၀ ကေဗွီ ဘုရားကြီး - လှိုင်သာယာ ဓာတ်အားလိုင်း စီမံကိန်း (၉၇) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု၊ မြစ်ကျော် တာဝါတိုင်များ တည်ဆောက်ပြီးစီးမှု၊ ကြိုးဆွဲခြင်းလုပ်ငန်းများကို အဖွဲ့လေးဖွဲ့ဖြင့် ဆောင်ရွက်နေမှုနှင့် သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့် ပြီးစီးနိုင်ရေးဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အမြန်ဆုံး သုံးစွဲနိုင်ရေးအတွက် မြစ်ကျော်ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ လုပ်ငန်းများ ဆောင်ရွက်စဉ် ရေလမ်းကြောင်းအန္တရာယ် ကင်းရှင်းရေးနှင့် ဝန်ထမ်းများ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ကြပ်မတ် ဂရုပြု ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် လေလွင့်ဆုံးရှုံးမှု မရှိစေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားသည်။ 

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် စီမံကိန်းလုပ်ငန်းခွင်အတွင်း မြစ်ကျော်တာဝါတိုင်များ တည်ဆောက်ပြီးစီးမှု၊ မြစ်ကျော်ဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရေလမ်းကြောင်းအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ 

အဆိုပါ ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်းသည် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိလာသော ဓာတ်အားများကို ဓာတ်အားသုံးစွဲမှုများပြားသော ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ ဓာတ်အားပျောက်ဆုံးမှု နည်းပါးစွာဖြင့် ဗို့အားပြည့်ဝ တည်ငြိမ်စွာ ပို့လွှတ်နိုင်ရေးအတွက် တည်ဆောက်ခြင်းဖြစ်ပြီး ယခုအခါ စီမံကိန်းလုပ်ငန်းများ၏ (၉၇) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။ လက်ရှိအချိန်တွင် ၂၃၀ ကေဗွီ ဗို့အားစနစ်ဖြင့် နိုင်ငံတော်ဓာတ်အား စနစ်နှင့် ချိတ်ဆက်၍ ကနဦးဓာတ်အားပို့လွှတ်နိုင်ရန်အတွက် လှိုင်မြစ်ကျော် ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ပထမပတ်အတွင်း ပြီးစီးနိုင်ရေး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အင်ဂျင်နီယာများဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၂၄၀ ဦးဖြင့် အဖွဲ့ (၄) ဖွဲ့ခွဲကာ ကြိုးဆွဲခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ၎င်းဓာတ်အားလိုင်း တည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့ သို့ ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ - လှော်ကားဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ကမာနတ် - လှော်ကား ဓာတ်အားလိုင်းနှင့် ၂၃၀ ကေဗွီ ကမာနတ် - သန်လျင် - သီလဝါ ဓာတ်အားလိုင်းတို့ဖြင့် ဗို့အားပြည့်ဝတည်ငြိမ်စွာ ပို့လွှတ်သွား နိုင်မည်ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ အဝင်လမ်းဖောက်လုပ်မည့် မြေနေရာကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။ 
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အလုံမြို့နယ် လျှပ်စစ်မိုးကောင်းဝင်း အတွင်းရှိ အရာထမ်း/ အမှုထမ်းများ နေထိုင်သည့် ဝန်ထမ်းအိမ်ရာများသို့ ရောက်ရှိပြီး အိမ်ရာကြီးကြပ်သူ တာဝန်ခံများ၊ နေထိုင်သူ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်