ဖားကန့် ဇူလိုင် ၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် အထက်ဘက်မှ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဥရုချောင်းရေ မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင် ဇူလိုင် ၁ ရက် ညနေပိုင်းမှစတင်ကာ ရေများဝင်ရောက်လျက် ရှိသည်။
ဥရုချောင်းရေအခြေအနေမှာ မရှီကထောင်ကြိုးတံတားနှင့် ထိစပ်လျက်ရှိပြီး မိုးရွာသွန်းမှုကြောင့် မြို့မရပ်ကွက် အနိမ့်ပိုင်းတွင် (၄)ပေခန့်လည်းကောင်း၊ ငှက်ပျောတောရပ်ကွက် အနိမ့်ပိုင်းတွင် (၄)ပေခန့်လည်းကောင်း ရေများ၀င်ရောက်လျက်ရှိပြီး လုံးခင်းကျေးရွာအုပ်စု၊ ကံဆီးကျေးရွာရှိ ဥရုချောင်း စိုးရိမ်ရေအမှတ်သည် (၉)ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာ (၁၂)ပေခန့် ဖြစ်၍ စိုးရိမ်ရေအမှတ်ထက် (၃)ပေခန့် ကျော်လွန်ရောက်ရှိလျက်ရှိသည်။
အဆိုပါ ရေများ၀င်ရောက်လာမှုကြောင့် အထက(လုံးခင်း)၊ အထကခွဲ (ကံဆီး)၊ အထကခွဲ (နမ့်မဖြစ်)၊ မူလွန် (ဆိုင်းရာ ရွာသစ်)၊ အမက (နန့်စန်း-၂)၊ အမက (နန့်စန်း-၃)၊ အမက (မှော်ရှန်ရွာသစ်)နှင့် အမက (ကံဆီးဟော) စသည့် စာသင်ကျောင်းများ ယာယီပိတ်ထားရပြီး ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူဇွပ်ကျေးရွာရှိ အထက(ရှဒူဇွပ်) ကျောင်းဝင်းအတွင်း (၄)ပေခန့် ရေများဝင်ရောက်လာသဖြင့် ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
မြို့မရပ်ကွက် အနိမ့်ပိုင်းနေရာများရှိ အိမ်ခြေ ၇၀ ခန့်တွင် ဥရုချောင်းရေ (၃)ပေကျော်ခန့်နှင့် အေးမြသာယာရပ်ကွက် အနိမ့်ပိုင်း နေရာများရှိ အိမ်ခြေ ၄၁ အိမ်ခန့်တွင် ဥရုချောင်းရေ (၃)ပေခွဲခန့် ဝင်ရောက်လျက်ရှိပြီး ရပ်ကွက်(၄)ရပ်ကွက်ရှိ အိမ်ခြေစုစုပေါင်း ၃၈၆ အိမ်တို့တွင် ဥရုချောင်းရေ ဝင်ရောက်လျက်ရှိရာ ဒေသခံ ၂၂၅၈ ဦး ရေဘေးသင့်လျက်ရှိသဖြင့် အဆိုပါ ရေဘေးသင့် ပြည်သူများအား ဖားကန့်မြို့၊ မြို့မရပ်ကွက်ရှိ မဏိဇေယျုံ ပရိယတ္တိစာသင်တိုက်သို့ ခေတ္တရွှေ့ပြောင်းထားသည်။ ထို့အတူ လုံးခင်းကျေးရွာအုပ်စု၊ လုံးခင်းရပ်ကွက်များနှင့် နန့်စန်း(၂) ကျေးရွာများသို့ ဥရုချောင်းရေဝင်ရောက်သဖြင့် မြေနိမ့်ပိုင်းနေပြည်သူများအား လုံးခင်းရပ်ကွက်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှ ၎င်းတို့နှင့် နီးစပ်ရာ မိဘ/ဆွေမျိုးများ၏ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ရွှေ့ပြောင်းထားရှိပြီး ငြိမ်းချမ်းသာယာရပ်ကွက်နှင့် လုံးခင်းရပ်ကွက်(၃)သို့ ဆက်သွယ်ထားသည့် သံတံတားမှာလည်း ချောင်းရေကျော်လျက် ရှိသည်။
ဖားကန့်မြို့နယ်အတွင်း မိုးတွင်းကာလရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း စသည့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို အများပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများအား ကြိုတင်အသိပေးထားရှိပြီး လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ ကြက်ခြေနီ အသင်းအဖွဲ့များနှင့် အရန်မီးသတ်တပ်ဖွဲ့၀င်များကိုလည်း ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ဖွဲ့စည်းထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


