ရန်ကုန် ဇူလိုင် ၂
မိုးတွင်းကာလမှာ ကော်ဖီစိုက်လုပ်ငန်းရှင်များအတွက် ခြံကိုဦးစားပေး ဆောင်ရွက်နေကြပြီး လာမည့်ကာလတွင် စျေးကောင်းရရှိရန် ဆောင်ရွက်နေကြောင်း ကော်ဖီစိုက်တောင်သူများထံ မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
မိုးရာသီကာလတွင် ကော်ဖီခြံများအတွင်း ပေါင်းနှုတ်ခြင်း၊ မြေစာကျွေးခြင်းများကို လက်ရှိတွင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
"မိုးတွင်းကျတော့ ကျွန်တော်တို့က ခြံတွေကိုဂရုစိုက်ရတဲ့ အချိန်ပေါ့ဗျာ။ ဒီတော့ မိုးတွင်းမှာတော့ ခြံလုပ်ငန်းကများတယ်။ ပေါင်းနှုတ်တာ ပေါင်းရှင်းတာတွေပေါ့။ အစုံပဲ။ မြေဩစာ ကျွေးရတာ၊ ဒါကတော့ ခြံစိုက်တဲ့သူတိုင်းလုပ်ရတာပေါ့၊။ ဆောင်းတွင်းဆိုရင် ပေါင်းကျန် ရှင်းတာလေး၊ ဘာလေးလုပ်လို့ရပေမယ့် မိုးတွင်းကျတော့ အပြင်လုပ်သားပါထည့်ရတယ်။ မြန်မြန် လုပ်ရတာပေါ့၊။ မိုးလေးကျနေတုန်းမှာကို ဒီပေါင်းတွေ မြန်မြန်ရှင်း၊ မြန်မြန်မြေဩဇာကြဲတာပေါ။ ကျွန်တော်တို့က အချောရော၊ စိုက်ပျိုးတာရော အဓိကတွဲလုပ်တာဆိုတော့ ဒီဘက်မှာ စျေးကွက်က အေးတော့ အဲဒီဘက်မှာ အလုပ်များနေတာပေါ့။ မိုးတွင်းမှာ ဂရုစိုက်မှလည်း ထွက်တဲ့အသီးမှာ စျေးပိုရတယ်၊ အသီးတွေထွက်အားကောင်းမယ်"ဟု ပြင်ဦးလွင်မြိုနယ်မှ KK သဘာဝ နှပ်ကော်ဖီနှင့် ကော်ဖီစေ့ ရောင်းဝယ်ရေးလုပ်ကိုင်ပြီး ကိုယ်တိုင်လည်း ကော်ဖီစိုက်ပျိုးရေးခြံလုပ်ကိုင်သူ မခိုင်ခိုင်က ဆိုသည်။
ယခုနှစ်အတွင်း ထုပ်ပိုးပြီးကော်ဖီများ စျေးကောင်းနေသော်လည်း ကော်ဖီကုန်ကြမ်းစျေး ငြိမ်နေကာ စျေးကွက်အေးသည့် အနေအထားရှိကြောင်းလည်း သိရသည်။
“ပြင်ဦးလွင်ကော်ဖီဈေးကွက်က ဧည့်သည်များတဲ့အချိန်ဆို ကောင်းတာပေါ့။ ဆိုင်တင်ရတာလည်း အရင်နဲ့မတူဘူးပေါ့။ ဈေးကွက်ကတော့ ဒီနှစ်တွင်းအေးတယ်။ ဒီမှာက ကော်ဖီဈေးက တအားကြီး မတက်ဘူး၊ အခြားပါကင်ထုပ်လုပ်မှုမှာ ကုန်ကျစရိတ်တွေကတက်တာ" ဟု မခိုင်ခိုင်က ဆက်လက် ပြောဆိုသည်။
Thit Taw


