ရန်ကုန် ဇူလိုင် ၂

 
မြန်မာ့ပထမဆုံး ဘူမိဥယျာဉ်ဖြစ်သော ပုပ္ပားတောင်ဘူမိဥယျာဉ်၌ ဆောင်ရွက်မည့် ဘူမိအခြေပြု ခရီးသွားလုပ်ငန်းကို စတင်အသက်သွင်းရန်အတွက် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အဆိုပါ လုပ်ငန်းကိုလုပ်ကိုင်မည့် မဟာဂီရိမှ Community Base Geotourism Services မှ ကိုတင်ကိုမင်းက ပြောကြားသည်။

အဆိုပါ ဘူမိအခြေပြု ခရီးသွားလုပ်ငန်းအတွက် ဇူလိုင်လမကုန်မီ  Package ရောင်းရန် စီစဉ်ဆောင် ရွက်ထားကြောင်းလည်း မဟာဂီရိမှ Community Base Geotourism Services မှ သိရသည်။


"ဘူမိအခြေပြု ခရီးသွားလုပ်ငန်းကစတော့ စနေပြီ။ ဒါပေမဲ့ Data ကျွန်တော့်ဆီမှာ မစုံသေးတာ၊ အဖွဲ့ထဲမှာလည်း training ပြန်ပေးရမှာလည်းရှိတော့ ဒီလထဲမှာ စဖို့ပြင်ဆင်နေတယ်။ ဒီလထဲ Package တစ်ခုရောင်းဖြစ်အောင် ရောင်းမယ်လို့စိတ်ကူးထားတယ်။ ဒီလထဲ လဝက်နောက်ပိုင်း လမကုန်ခင် လုပ်ဖြစ်ဖိုများတယ်။ နောက်ဆုံးအပတ်ထဲ ဖြစ်နိုင်ခြေမျှော်လင့်ထားတယ်"ဟု ၎င်းက ဆိုသည်။

အဆိုပါ ခရီးသွားလုပ်ငန်းအမျိုးအစားမှာ အသစ်အဆန်းဖြစ်နေသည့်အတွက် လူစိတ်ဝင်စားမှု အထိုက်အလျောက်ရှိပြီး မီးတောင်ဖြစ်စဉ်နှင့် ပတ်သက်သည့် ဗဟုသုတများကို လေ့လာခွင့် ရရှိမည်ဖြစ်ကာ ဇီဝမျိုးစိတ်များနှင့်ပတ်သက်၍လည်း လေ့လာခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။


"သူတို့သတ်မှတ်ထားတဲ့ သတ်မှတ်ထားတာမှာ တစ်နေရာနဲ့တစ်နေရာ တော်တော်ဝေးတာတွေ လည်းရှိတယ်။ အဲဒီနေရာတွေက သွားလို့လာလို့ လွယ်တဲ့နေရာ၊ အဆင်ပြေတဲ့နေရာတွေ၊ အဲဒီနေရာရဲ့ အကြောင်းအရာတွေကို ပြန်ရှင်းပြ၊ ဘာညာပေါ့။ လူငယ်တွေပိုင်းနဲ့ Private School က ကလေးတွေ ပိုလာနိုင်မယ်လို့မျှော်လင့်ရတယ်။ ကျန်တဲ့သူတွေကတော့ တောင်တက်ပိုင်း ရှိနေတာကိုး" ဟု ကိုတင်ကိုမင်းက ပြောသည်။


မဟာဂီရိအဖွဲအစည်းအနေဖြင့် လက်ရှိတွင် ပုပ္ပားတောင်တက်ဝန်ဆောင်မှုလုပ်ငန်း၊ ပုပ္ပား မျောက်မြီးရှည်ထိန်းသိမ်းရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေသည့်အပြင် ဘူမိအခြေပြုခရီးသွား လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ရန်ဆောင်ရွက်နေပြီး ပုပ္ပားဒေသက ရှားပါးတိရစ္ဆာန်များဖြစ်သည့် ပုပ္ပား မြွေးပွေးတက်တူ၊ ပုပ္ပားတောက်တက်ပျံများကိုလည်း ထိန်းသိမ်းရေး လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။

MT