နေပြည်တော် ဇူလိုင် ၂
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင် များအသင်းနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် သည်။
ဦးစွာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာ တန်ချိန် ၁ဒသမ၆ သန်း တင်သွင်းနိုင်ရေး လျာထားသတ် မှတ်ထားရာ သွင်းအားစု တင်သွင်းသည့် ကုမ္ပဏီအလိုက် လျာထားတင်သွင်းခွင့်ပြုထားသည့် ပမာဏတန်ချိန်များအတွက် ဈေးနှုန်းအနည်းဆုံးဖြင့် တင်သွင်းဖြန့်ဖြူး ရောင်းချပေးနိုင်မည့် ဈေးနှုန်းများကို ယှဉ်ပြိုင်စနစ်ဖြင့် စိစစ်ရွေးချယ် ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်း ကြောင့်ယခုနှစ်တွင် ဈေးနှုန်းပိုမိုသက်သာစွာ တောင်သူ များကို ဖြန့်ဖြူးပေးနိုင်ပါကြောင်း၊ ထုတ်ပြန်ထားပြီးသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချရန် ကုမ္ပဏီများကိုလည်း လမ်းညွှန်ထားကြောင်း၊ မြေဩဇာအသင်းအနေဖြင့် အသင်းဝင်ကုမ္ပဏီများကို ကြီးကြပ်ပေးရန် ပြောကြားလိုပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာန တို့အနေဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေနှင့် ဆောင်ရွက်သည့်စီမံကိန်းများတွင် အချိန်မီဖြန့်ဖြူးပေးနိုင်ရေး၊ ဈေးနှုန်းနှင့် အရည်အသွေး မှန်ကန်မှုရှိစေရေး ကြီးကြပ်ပေးရမည် ဖြစ်ပါကြောင်း။
ဓာတ်မြေဩဇာများ သိုလှောင်ခြင်း၊ ဈေးကစားခြင်း၊ ဈေးနှုန်းတင်ရောင်းချခြင်းများ မရှိစေရေးအတွက် သက်ဆိုင်ရာ အဖွဲ့ဝင်ဌာနများက ကြီးကြပ်ဆောင်ရွက်ပေးရန်နှင့် သတင်းများရရှိ၊ တွေ့ရှိလျှင် ဦးဆောင်ကော်မတီသို့ တင်ပြပေးရန်နှင့် မြို့နယ်အလိုက် အရောင်းဆိုင်များ၊ ဂိုဒေါင်များတွင် သတ်မှတ်ဈေး ဖြင့် ရောင်း/မရောင်းကို ကော်မတီဝင်ဌာနဖြစ်သော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဦးစီးပြီး ဆိုင်ရာကော်မတီဝင် ဌာနများနှင့်အတူ စိစစ်ပေးရန် ပြောကြားလိုကြောင်း၊ လိုအပ်သည်များ စိစစ်နိုင်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များကိုလည်း ညှိနှိုင်းအကြောင်းကြားထားပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင် အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ထားမှုများကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက အသင်းဝင်ကုမ္ပဏီများမှ ရည်ညွှန်းဈေးအတိုင်း ရောင်းချနိုင်ရေး ကြီးကြပ် ဆောင်ရွက်နေမှု၊ ဖြန့်ဖြူးရောင်းချမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းတို့က လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြပြီး ဦးဆောင်ကော်မတီအဖွဲ့ဝင်ဦးစီးဌာန ကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြု ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်း သက်သာစေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ပူးပေါင်းကြီးကြပ်ဆောင်ရွက်ပေးကြရန် မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ရန်ကုန်အထိုင် ဈေးနှုန်းများအနေဖြင့် ယူရီးယားအလုံးကြီး (၅၀) ကီလိုတစ်အိတ်လျှင် ငွေကျပ် ၇၃,၀၀၀၊ ရော့ခ်ဖော့စ်စဖိတ်အခြေခံ ၁၅ ပတ်လည် (၅၀) ကီလိုတစ်အိတ်လျှင် ငွေကျပ် ၁ သိန်းနှုန်း၊ ဒီအေပီအခြေခံ ၁၅ ပတ်လည် (၅၀) ကီလိုတစ်အိတ်လျှင် ငွေကျပ် ၁၁၅,၀၀၀ နှုန်း၊ ကွန်းပလပ်စ် ၁၅ ပတ်လည် (၅၀) ကီလို တစ်အိတ်လျှင် ငွေကျပ် ၁၂၂,၀၀၀ နှုန်းဖြင့် ရောင်းချ ပေးလျက်ရှိပြီး အဆိုပါဈေးနှုန်းများသည် ရန်ကုန်အထိုင် ဈေးဖြစ်၍ သက်ဆိုင်ရာဒေသအရောက် သယ်ယူစရိတ်နှင့် အရောင်းဆိုင်အမြတ်ငွေတို့ ထည့်ပေါင်းကာ ဈေးသတ်မှတ်ရန်၊ ဓာတ်မြေဩဇာများ သိုလှောင်ခြင်း၊ ဈေးကစားခြင်း၊ ဈေးနှုန်းတင်ရောင်းချခြင်းများ မပြုလုပ်ရန် တို့ကို ပြည်နယ်နှင့် တိုင်းဒေသကြီး ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အတူနေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ အင်ပင်ကျေးရွာသို့သွားရောက်၍ ငြိမ်းချမ်းသာယာလယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ ဝါစိုက်အသင်းသား တောင်သူများ၊ ဌာနဆိုင်ရာဝန် ထမ်းများနှင့် တွေ့ဆုံရာ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက တပ်ကုန်းမြို့နယ်အတွင်း ဆောင်ရွက်နေသည့် မိုးဝါဧက (၁၄၄၀) စိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများရရှိရေး စိတ်တူကိုယ်တူဆန္ဒတူသူများဖြင့် သမဝါယမအသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိရေးနှင့် နည်းပညာ ရရှိရေးတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဝါခူးဆွတ်ချိန်တွင်လည်း အရည်အသွေးမှာ Grade A, B, C ရှိသဖြင့် ဈေးကောင်းရအောင် ခူးဆွတ်ရန် တောင်သူများကို အသိပညာပေးရန် လိုအပ်ကြောင်း၊ နည်းပညာ၊ စက်ပစ္စည်း၊ အရင်းအနှီးများ ပံ့ပိုးပေးပြီး Value Added အဖြစ် ထွက်ရှိလာသောဝါကို ချည်ဖြစ်သည်အထိ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အသင်းသားတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဝါစိုက်အသင်သားတောင်သူများထံ RAKA-666 ဝါမျိုးအိတ် (၁၅၀)နှင့် ဩဘာကွန်ပေါင်းမြေဩဇာ (၁၆၂) အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အသင်းသားတောင်သူများ၏ ဝါစိုက်ပျိုးထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)


