နေပြည်တော် ဇူလိုင် ၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းက မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာပညာရေးဒီဂရီ ကောလိပ်ကျောင်းနှင့် မိတ္ထီလာမြို့ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာတက္ကသိုလ်သို့ရောက်ရှိပြီး သဟာယခန်းတွင် မိတ္ထီလာ တက္ကသိုလ်၏ Master plan ကိုကြည့်ရှုစစ်ဆေး၍ စာသင်ဆောင်များ၊ အရာထမ်း၊ အမှုထမ်း အိမ်ရာနှင့် ကျောင်းသား ကျောင်းသူအိပ်ဆောင်များ၊ တည်ဆောက် နေရာချထားမှုများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ယင်းနောက် တက္ကသိုလ်ဝင်းအတွင်း လှည့်လည်၍ မိတ္ထီလာက္ကသိုလ်သုတေသနစင်တာ တည်ဆောက်ပြီးစီးမှုအခြေအနေ များနှင့်စာသင်ဆောင်များ၊ အရာထမ်း၊ အမှုထမ်းအိမ်ရာများ၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်များ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းအတွင်း အေးချမ်းစွာပညာသင် ကြားနေကြသည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ စီမံဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို ဗလငါးတန်နှင့်ပြည့်စုံပြီး အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သူများဖြစ်အောင် သင်ကြားပို့ချပေးကြစေလိုပါကြောင်း၊ သုတေသနလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ကြရန်နှင့် ဆရာ ဆရာမများကိုယ်တိုင်က မိမိတို့ ဘာသာရပ်ဆိုင်ရာ စာအုပ်၊ စာပေများကို အမြဲမပြတ်ဖတ်ရှုလေ့လာနေကြရန် လိုအပ်ပါ ကြောင်း၊ လက်တွေ့ခန်းသုံး၊ သုတေသနသုံးစက်ပစ္စည်းများကိုလည်း အကျိုးရှိရှိ ထိရောက်စွာ အသုံးပြု ဆောင်ရွက်ကြစေလိုပါကြောင်း၊ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားရေးအပြင် စီမံဘဏ္ဍာဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တတ်မြောက်စေရုံမျှမက မျိုးချစ်စိတ်နိုင်ငံချစ်စိတ်ရှိသော လူတော်လူ ကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြားပေးစေလိုပါကြောင်း၊ မိမိတို့တက္ကသိုလ်၏ သင်ကြားရေး၊ စီမံရေးဆိုင်ရာများ အရည်အသွေးတိုးတက်မြင့်မားအောင် အားလုံးက ညီညီညွတ်ညွတ် လက်တွဲ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း မှာကြားပြီး ဌာနအလိုက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းအတွင်း တည်ဆောက်ဆဲ အဆောက်အဦးများ၊ တည်ဆောက်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း၊ အဆောက်အအုံများနှင့် မြေနေရာ များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း (ရှမ်းတဲ)၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းများသို့ သွားရောက်၍ ကျောင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


