နေပြည်တော် ဇူလိုင် ၂

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်()၌ကျင်းပသည့် အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ရလဒ်များအရ အသေးစိတ်ညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

 

ဉီးစွာပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားအစားအသောက် ဥပဒေပါ ရည်ရွယ်ချက်များဖြစ်သည့် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ဘေးဥပဒ်ကင်းရှင်းသည့် အစားအသောက် များအား အများပြည်သူစားသုံးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်၍မရကြောင်း၊ အစားအသောက်ကုန်ကြမ်းအဆင့်မှသည် စားသုံးသည်အထိ အစားအသောက် ကွင်းဆက်တစ်လျှောက်ရှိ  နှီးနွယ်ဌာနဆိုင်ရာအသီးသီးအနေဖြင့်  မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့် ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာကိစ္စရပ်များကို ပိုမိုအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီက ဖွင့်လှစ်ခဲ့သည့် Myanmar National Center for Disease Control and Medical Training Center တွင်လည်း ကူးစက်ရောဂါများသာမက အစားအသောက်ဓာတ်ခွဲစစ်ဆေးမှုများကို ယခင်ထက်ပိုမို လုပ်ဆောင်သွားနိုင်တော့မည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် ကလေးသူငယ်များ အနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော၊ သန့်ရှင်းသော၊ အာဟာရပြည့်ဝသော အစားအသောက်များကို ရရှိစားသုံးစေနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲနှင့် ပညာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းကာ School Meal Program ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။  

 

ယခုအစည်းအဝေးတွင် နယ်စပ်မှ တရားမဝင် အစားအသောက်တင်သွင်းမှုထိန်းချုပ်ခြင်း လုပ်ငန်းစဉ်များ၊ တက္ကသိုလ်စားသောက်ဆိုင်များနှင့် Catering Service လုပ်ငန်းစဉ် များ၊  အဝေးပြေးလမ်းမတစ်လျှောက်နှင့် ကားရပ်နားစခန်းများရှိ စားသောက်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်များရှိ စားသောက်ဆိုင်များ၏ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များ၊ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် တောရိုင်းတိရိစ္ဆာန်များ၊ အင်းဆက်များ၊ ပိုးကောင်များ၏ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်များ၊ အစားအသောက်စံချိန်စံညွှန်းများ ရေးဆွဲထုတ်ပြန်ခြင်း လုပ်ငန်းစဉ်များအစရှိသည့် ကဏ္ဍ ()ခု ကို အသေးစိတ်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ သို့မှသာ ဘေးအန္တရာယ်ကင်းရှင်းသော အစား အသောက်များကို ပြည်သူများ စားသုံးနိုင်မှာဖြစ်သည့်အတွက် အစားအသောက် ကွင်းဆက်တစ်လျှောက် တာဝန်ယူဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အများပြည်သူနေ့စဉ် စားသုံးနေသည့် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်၊ ဌာန၊ အဖွဲ့အစည်းတစ်ခုတည်းအနေဖြင့် ဆောင်ရွက်၍ မရသည့်အတွက် အစားအသောက် စတင်ထုတ်လုပ်ရာမှ စားသုံးသည်အထိ အစားအသောက်ကွင်းဆက်တစ်လျှောက်လုံးနှင့် သက်ဆိုင်သည့် ဌာနအားလုံးသာမက အစားအသောက် ထုတ်လုပ်သူများ၊ သိုလှောင်သူများ၊  ဖြန့်ဖြူးရောင်းချသူများ၊ စားသုံးသူများ၊ နည်းပညာ ဆိုင်ရာပညာရှင်များ၊ အသင်းအဖွဲ့များအားလုံးက မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဟန်ချက်ညီညီ ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းဖြင့် အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး မူဝါဒပါ တာဝန် အခန်းကဏ္ဍနှင့် ဝတ္တရားများကို တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်မည်ဖြစ်သည့် အတွက် ဝိုင်းဝန်း ဆွေးနွေးအကြံပြုကြစေလိုကြောင်း ပြောကြားသည်။

        

ဆက်လက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က အလုပ်ရုံဆွေးနွေးပွဲရလဒ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ ညွှန်ကြား ရေးမှူး (အစားအသောက်) ဒေါက်တာပြည့်ဖြိုးက အလုပ်ရုံ ဆွေးနွေးပွဲရလဒ်များအရ ထပ်မံဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြသည်။

       

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် နှီးနွယ်ဌာနအသီးသီးမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပြီး အဆိုပါ ဆွေးနွေးချက်များအပေါ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အတည်ပြုခဲ့သည်။

   

အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ နှီးနွယ်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)