နေပြည်တော်    ဇူလိုင်     ၂

 

ဇူလိုင် ၃ ရက်တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကကြီးမှူး၍ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မိုးဝေလမ်းနှင့် ရတီလမ်းကြား၊ ရွှေပြည်တော်ဝင် လမ်းမကြီးဘေးတွင် ကျင်းပသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့်ဇနီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၏ ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးနှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) ဦးဆောင် ကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမျိုးသမီးအဖွဲ့အစည်း(၅)ဖွဲ့မှ နာယက၊ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာတွင် ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး အခမ်းအနား တက်ရောက်လာသူများက သတ်မှတ်နေရာ အသီးသီးတွင် ကံ့ကော်၊ ခရေ၊ မဟော်ဂနီ၊ ပိတောက်၊ စိန်ပန်းပင် စသည့် ပျိုးပင်များ တစ်ပျော်တစ်ပါး စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ယနေ့ အခမ်းအနားတွင် အရိပ်ရ နှစ်ရှည်ပင်များအပါအဝင် ပျိုးပင်ပေါင်း(၁၅၀) စိုက်ပျိုးခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)