ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS)၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Sanjay Mathur အား လက်ခံတွေ့ဆုံ
နေပြည်တော် ဇူလိုင် ၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ်(၁)၏ အနောက်ဘက်ရှိ သတ်မှတ် နေရာ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဦးစီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်တောသစ်ပင်များနှင့် သစ်တောဂေဟစနစ်သည် လူသန်းပေါင်း များစွာအတွက် လိုအပ်သော အစားအစာ၊ အသုံးအဆောင်များ၊ သစ်တောထွက် ပစ္စည်းအမျိုးမျိုးတို့ကို ထောက်ပံ့ပေးနေပြီး ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ လေထုအတွင်းမှ ကာဗွန်ကို စုပ်ယူသိုလှောင်ဖယ်ရှားပေးခြင်း၊ ရေနှင့်လေကို သန့်စင်ပေးခြင်း၊ ဇီဝမျိုးစုံကွဲများ ကြွယ်ဝစေခြင်း၊ မြေဆီမြေနှစ် အဆင့်ဆင့်ဖြစ်ပေါ်စေခြင်းစသည့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ထို့ပြင် ငါးသယံဇာတ ထိန်းသိမ်းခြင်းနှင့် ငါးမျိုးရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီးမှုမဖြစ်စေရန် အတွက် ငါးသားပေါက်ကောင်ရေ ၁၀၀၀၀ ကိုလည်း စိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က သတ်မှတ်နေရာများ၌ ရတနာတန်းဝင် ကျွန်းပင်များကို စတင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများက အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် သတ်မှတ်နေရာများ၌ ရတနာတန်းဝင် ကျွန်းပင်များ စုပေါင်း စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့သည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ငါးသား ပေါက်များကို ဝန်ကြီးဌာန အနောက်ဘက်ရှိ ရေကန်အတွင်းသို့ ငါးမျိုးများစိုက် ထည့်ပေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS)၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Sanjay Mathur နှင့်အဖွဲ့ အား နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) တို့အကြား လက်ရှိဆောင်ရွက်နေ သည့်ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် UNOPS တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


