နေပြည်တော်၊ ဇူလိုင် ၂
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း (မိတ္ထီလာ)တို့ပူးပေါင်း၍ ကျင်းပသည့် “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် အစိုးရနည်းပညာ အထက်တန်းကျောင်း(မိတ္ထီလာ) အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဉီးစွာ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အဂတိလိုက်စားမှုသည် လူငယ်များ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် တက်ကြွမှုများကိုပါ နှောင့်နှေးသွားစေနိုင်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် လူငယ်များပါဝင်ရန် လိုအပ်ကြောင်း၊အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန် ပထမဦးစွာ ဖြောင့်မတ် တည်ကြည်မှုကို ဦးစွာတည်ဆောက်ရန်လိုကြောင်း၊ ဖြောင့်မတ်တည်ကြည်မှု မြင့်မားလာပါက အဂတိ လိုက်စားမှုလည်း လျော့နည်းကျဆင်းသွားနိုင်ကြောင်း၊ လူငယ်များအနေဖြင့် လူ့အဖွဲ့အစည်းအပေါ် မှန်ကန် ကောင်းမွန်သည့် အတွေးအမြင်များ ရရှိလိုက်နာကျင့်သုံးကြရန် လိုအပ်ကြောင်း၊ ယခု အခမ်းအနားမှ ရရှိသည့် အတွေးအခေါ်အယူအဆများကို မိမိတို့ကောလိပ်၊ မိမိတို့ပတ်ဝန်းကျင်များတွင် ထပ်ဆင့်မျှဝေ ပေးကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြီး အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီး ပွင့်လင်းစွာ ပြန်လည်ဖြေကြားပြီး အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


