နေပြည်တော် ဇူလိုင် ၂

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ယနေ့ မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်နှင့် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ က Online ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုရှေးရှုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး အကြားအလပ်မရှိ အချိုးညီမျှ တစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဖော်ဆောင်ရာ၌ နယ်မြေတည်ငြိမ်အေးချမ်းရေးသည် များစွာအရေးကြီးကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်အချိုးကျသည့်အတွက် ဒေသဖွံ့ဖြိုးတိုး တက်စေရန်အတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှု ပိုမိုခိုင်မာလာစေရန်အတွက် မူဝါဒများခိုင်မာမှု၊ ညှိနှိုင်းပေါင်းစပ် တာဝန်ယူဆောင်ရွက်မှု၊ အစိုးရနှင့် ပြည်သူပူးပေါင်းပြီး အားတက်သရောဆောင်ရွက်မှုတို့ လိုအပ်ကြောင်း၊ ယနေ့ အစည်းအဝေး၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု၊ ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်းစီမံကိန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်စေ ရန်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့် စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြ ဆွေးနွေးကြရန်ဖြစ်ကြောင်း။

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝနှင့် အခြေခံအဆောက်အအုံများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များကို ဗလငါးတန်နှင့် ပြည့်စုံပြီး ထူးချွန် ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရေး ရည်မှန်းချက်များထားရှိ၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းဆပ်ကော်မတီများ၊ ဒေသဆိုင်ရာလုပ်ငန်း ကော်မတီများအနေဖြင့် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

 

ဆက်လက်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများနှင့် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးများက လက်ရှိ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်း ချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ တက်ရောက်လာ သူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

 

ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ် ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)