ရန်ကုန် ဇူလိုင်

 

ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ အကြိမ်(၃၀)မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

 

ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သံဝရာဘိဝံသက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ရေရှည်တည်တံ့စွာဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသားကျောင်းသူများ ပညာသင်ကြားခွင့်မဆုံးရှုံးနိုင်စေရေးအတွက် ဆောင်ရွက်ဖွယ်ကိစ္စမှန်သမျှ သတိသမ္ပဇဉ်ဉာဏ်ယှဉ်၍ အမှားအယွင်းမရှိရလေအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမှားအယွင်းရှိခဲ့ပါက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပေါ် ယုံကြည်မှုအားနည်းလာမည်ဖြစ်၍ လုပ်ငန်းကိစ္စဆောင်ရွက်ရာတွင် အမှားအယွင်းကင်းစေရန် စေတနာထားဆောင်ရွက်ကြစေလိုကြောင်း ဩဝါဒကထာ မြွက်ကြားသည်။

 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 

ယင်းနောက် ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့အစည်းအဝေး (၂၀၂၃) ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု ဆိုင်ရာလုပ်ငန်းစဉ် =များကို လျှောက်ထားသည်။

 

ဆက်လက်၍ ကြွရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ဆရာတော်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါယာမက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသည် ပညာရေးဝန်ကြီးဌာန၏ ချမှတ်ထားသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများအတိုင်း သင်ကြားကြရမည်ဖြစ်ပြီး စာသင်ဆောင်များ ဆရာ၊ ဆရာမ လုံလောက်မှု၊ သင်ကြားစနစ်မှန်ကန်မှုတို့ကို ပြည့်စုံအောင်ဆောင်ရွက်ရေး၊ သင်ကြားရေး ဆရာတော်များကလည်း နိုင်ငံတော်၏ဦးတည်ချက်များကို ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ဩဝါဒကထာမြွက်ကြားသည်။

 

ထို့နောက် ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းလျှောက်ထားကာ ဆွေးနွေးချက် () ရပ်နှင့်ပတ်သက်၍ အတည်ပြုချက်နှင့်ဆုံးဖြတ်ချက်များကို ချမှတ်ကြသည်။

 

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအာစာရက ဘုန်းတော်ကြီးသင်ပညာရေးကို အားထုတ်ဆောင်ရွက်လျက်ရှိကြသော ဆရာတော်များမှ ပညာရေးမူဝါဒနှင့်အညီ ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ဩဝါဒကထာမြွက်ကြားပြီး ဒုတိယဝန်ကြီးက ကြွရောက်လာကြသည့် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

 

သတင်းစဉ်