ရန်ကုန် ဇူလိုင် ၄
အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၂)ကြိမ်မြောက် ဘွဲ့နှင်း သဘင်နှင့် ဒီပလိုမာအောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်း ပရိယတ္တိ စာသင်တိုက်ပဓာနနာယက၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် အဓိပတိ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ အကျိုးတော်ဆောင်ဆရာတော် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းတိုက် ပဓာနနာယက ဆရာတော် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယအဓိပတိ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော သင်ကြားဆရာတော် ကြီးများ၊ ဂုဏ်ထူးဆောင် ပါမောက္ခဆရာတော်ကြီးများ၊ သင်ကြားသီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ပနိုင်ငံများမှ သံအမတ်ကြီး များ၊ အတွင်းဝန်များနှင့် သံရုံးတာဝန်ခံများ၊ ပြည်တွင်း၊ ပြည်ပနိုင်ငံများမှ ဘွဲ့ရ သင်တန်းသားများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ကိုယ်စား အကျိုးတော် ဆောင်ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသက "သာရဏီယ အဖွင့်ဩဝါဒ ကထာ"ကို မိန့်ကြားချီးမြှင့်တော်မူပြီး ဒုတိယဝန်ကြီးက ဂုဏ်ယူဝမ်းမြောက်စကား လျှောက်ထားသည်။
ထို့နောက် ပါမောက္ခချုပ်ဆရာတော်က ဘွဲ့ရကျောင်းသားများကို တက္ကသိုလ် အဓိဋ္ဌာန် အမေး၊ အဖြေပြုပြီး သင်တန်းအသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်း၊ပြည်ပ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၁၂၉) ဦးတို့ကို ဘွဲ့၊ အောင်လက်မှတ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းတော်မူသည်။
ယင်းနောက် ဝိဇ္ဇာဘွဲ့(ဗုဒ္ဓဓမ္မ)တန်းမှ ပညာရည်ချွန် ထူးချွန်ဆုရရှိသော (Gold Medalist) ထူးချွန် ရွှေတံဆိပ်ဆုရှင် မြန်မာသင်တန်းသားရဟန်းတော် ဘဒ္ဒန္တဗာကုလအား တက္ကသိုလ်က ချီးမြှင့်သည့် ရွှေစင်ရွှေပြားတစ်ကျပ်သား ဆုတံဆိပ်ကို ပါမောက္ခချုပ် ဆရာတော် (ကိုယ်စား) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ပေးအပ်လှူဒါန်းချီးမြှင့်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော် များနှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများကို ပါမောက္ခချုပ်ဆရာတော်(ကိုယ်စား) ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဇော်ဇော်ဦးက တက္ကသိုလ်ပုံ ကျောက်စီပန်းချီကားချပ်များ ဂုဏ်ပြုပေးအပ်သည်။
ထို့နောက် ပါမောက္ခချုပ်ဆရာတော်က “ဘွဲ့မှတ်တမ်းမော်ကွန်းစာအုပ်" တွင် လက်မှတ်ရေးထိုးတော်မူပြီး ဘွဲ့ရကျောင်းသားများကို ဆုံးမဩဝါဒကထာ မြွက်ကြား ချီးမြှင့်တော်မူခဲ့ကြောင်း သိရသည်။
သတင်းစဉ်


