ရန်ကုန် ဇူလိုင် ၅
ဝိုင်ဘီအက်စ်ခရီးသည်တင်ယာဉ်များ (Mini Bus ယာဉ်များအပါအဝင်) ပေါ်တွင် “စပယ်ယာတင်ဆောင်ခြင်းမပြုရ” စာတန်းပါ စတေကာများကို တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ထံမှ သိရသည်။
“စပယ်ယာ(ယာဉ်အကူ) တင်ဆောင်လို့ ယာဉ်တစ်စီးနဲ့တစ်စီး ပြိုင်မောင်းတာ၊ ယာဉ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားတာ၊ ယာဉ်စီးခပိုတောင်းတာ စတဲ့ဖြစ်စဉ်တွေ စပယ်ယာတွေလိုက်ပါတဲ့ အရင်အချိန်တုန်းက ဖြစ်ပွားခဲ့ပါတယ်။ အဲလိုဖြစ်စဉ်တွေ ဖြစ်ပွားမှုမရှိအောင် စပယ်ယာတင်ဆောင်ခြင်းမပြုရ ဆိုတဲ့ စာတန်းပါ စတေကာတွေကို ဝိုင်ဘီအက်စ်ယာဉ်တွေမှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ ဒီစာတန်းကို ကပ်ခြင်းအားဖြင့် ခရီးသည်တွေကလည်း စပယ်ယာဆိုတာက တရားဝင်မဟုတ်ဘူးဆိုတာကို သိရှိသွားမှာဖြစ်ပြီး စပယ်ယာပါတာတွေ့ရှိခဲ့ရင်လည်း တိုင်ကြားလို့ရမှာ ဖြစ်ပါတယ်။ စပယ်ယာ (ယာဉ်အကူ) ပါတဲ့ယာဉ်ကို CNG သုံးလ ပိတ်တာ၊ ယာဉ်သုံးလပိတ်တာ၊ ဒီဇယ်ယာဉ်ဆို တစ်နှစ်ပိတ်တာတွေ၊ ယာဉ်မောင်းသူကို ဝိုင်ဘီအက်စ်ယာဉ်မောင်းနှင်ခွင့် ရာသက်ပန်ပိတ်သိမ်းတာတွေ လုပ်ဆောင် အရေးယူသွားမှာဖြစ်ပါတယ်” ဟု ဦးလျန်ကျင့်မန်က ရှင်းလင်းပြောကြားသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် ဝိုင်ဘီအက်စ်ခရီးသည်တင်ယာဉ် အစီးရေ ၅၀၀၀ ကျော်တွင် စပယ်ယာတင်ဆောင်ခြင်းမပြုရ စာတန်းပါစတေကာများအား ယခုဇူလိုင်လအတွင်း တပ်ဆင်သွားမည်ဖြစ်ကာ ယာဉ်တစ်စီးလျှင် စတေကာသုံးခု(သုံးနေရာ) တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဝိုင်ဘီအက်စ်ယာဉ်များတွင် စပယ်ယာတင်ဆောင်မှုပြုခြင်း အပါအ၀င် ခရီးသည်များ အနေဖြင့် နစ်နာမှုများရှိပါက ဖုန်းနံပါတ် ၀၉-၄၄၈၁၄၇၁၄၉၊ ၀၉-၄၄၈၁၄၇၁၅၃ နှင့် ၀၉-၄၄၈၁၄၇၁၅၄ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းလည်း YRTC မှ သိရသည်။
ကိုထက်


