နေပြည်တော် ဇူလိုင် ၅
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် ဦးစီးဌာနများမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လုပ်ငန်းဆပ်ကော်မတီ အဖွဲ့ဝင်များက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့နိုင်ငံများကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ကလေးအလုပ်သမားပပျောက်ရေး အစီအစဉ်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ကာလ တို(၅)နှစ်၊ လုပ်ငန်းစီမံချက် (၃)ကြိမ်ဖြင့် ကာလရှည်(၁၅)နှစ် လုပ်ငန်း စီမံချက်သတ်မှတ်ပြီး လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ၂၀၂၄-၂၀၂၈ ဒုတိယ ၅ နှစ်တာအတွက် ဆောင်ရွက်ဆဲလုပ်ငန်းများကို အထောက်အကူ ပြုနိုင်ရေး အတွက် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်အတူ ပူးပေါင်းညှိနှိုင်းကာ စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးသည် မျက်မှောက် ခေတ်၏ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ် (Global Issue)တစ်ခုဖြစ်ပြီး နိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါကြောင်း၊ ၎င်းစိန်ခေါ်မှုသည် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကိုဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီ အောက်တွင် လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းကော်မတီ (၈)ခု ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
(သတင်းစဉ်)


