နေပြည်တော် ဇူလိုင် ၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (တတိယအကြိမ်) ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်)၊ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးက အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ကြုံတွေ့ရသည့် အခက်အခဲများ၊ အကြံဉာဏ်များကို မျှဝေရရှိကြမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတစ်ခုအတွက် မဲစာရင်းများ မှန်ကန်ပြည့်စုံရေးသည် အဓိကအရေးကြီး သည့် တာဝန်တစ်ခုဖြစ်ပြီး ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုလည်းဖြစ်ကြောင်း၊ မဲစာရင်းများ မှန်ကန်ပြည့်စုံမှသာ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲတစ်ခု ဖြစ်မည်ဖြစ်ကြောင်း။
ဆွေးနွေးပွဲမှရရှိသော အတွေ့အကြုံများ၊ နည်းပညာများကို လက်ဆင့်ကမ်းရှင်းလင်းသင်ပြပေးရန် လိုကြောင်း၊ ယခုဆွေးနွေးပွဲကရရှိသည့် အတွေ့အကြုံများ၊ အသိပညာများဖြင့် မဲဆန္ဒရှင် စာရင်းစီမံခန့်ခွဲမှု စနစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုပြီး မှန်ကန်ပြည့်စုံသော မဲစာရင်းများရရှိအောင် ကြိုးစား ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ ရွေးကောက်ပွဲအတွက် မဲစာရင်းများ မှန်ကန်ပြည့်စုံရေးသည် အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်သည့်အတွက် အလေးအနက်ထား ဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


