နေပြည်တော်  ဇူလိုင်

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းမှ အသင်း၏ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၊ နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းသည် ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အစဉ်အဆက်လက်တွဲဆောင်ရွက်ခဲ့သည့်  အသင်းဖြစ်ပါကြောင်း၊ ယခုအသင်းမှ ရွေးချယ်တင်မြှောက်ထားရှိသော ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ယခုထက် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည်ဟုယုံကြည်ပါကြောင်း ပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဘုန်းနိုင်က ၎င်းတို့အသင်း၏ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ၊ Myanmar International Travel Mart (2025) နှင့် Myanmar International Travel Expo (2026) အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာကြသူများက လိုအပ်သည် များကို ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။

(သတင်းစဉ်)