နေပြည်တော် ဇူလိုင်၅
ပြည်တက္ကသိုလ် မုခ်ဦးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။
အခမ်းအနားတွင် ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်တက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဒေသကိုယ်စားပြု ကိုယ်စားလှယ်တို့က ပြည်တက္ကသိုလ် မုခ်ဦးသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က မုခ်ဦးအသစ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေး နံ့သာရည် ပက်ဖျန်းပေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ပြည်ခရိုင် ရွှေတောင်မြို့ရှိ ရွှေတောင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြား လေ့ကျင့်နေမှုနှင့် အဆိုပါ ကျောင်းအတွင်း သရုပ်ပြစိုက်ခင်းများ စိုက်ပျိုးထားမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်တက္ကသိုလ်သို့ ရောက်ရှိကြပြီး ဆွေးနွေးခန်းများ၊ ဓာတ်ခွဲခန်း များ၊ လက်တွေ့ခန်းများနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်း စွာ ပညာသင်ယူနေမှုကို လည်းကောင်း၊ တက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်ရေး၊ တက္ကသိုလ်စိမ်းလန်းစိုပြည်ရေး၊ တက္ကသိုလ်ပရိဝုဏ် သန့်ရှင်းသာယာရေး ကိစ္စရပ်များကို လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်မည့် အပန်းဖြေရိပ်သာ မြေနေရာကို လည်းကောင်း၊ စာအုပ်ပြပွဲ အရောင်းဆိုင်များကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြား၍ ဘက်စုံသုံးခန်းမ၌ ပြည်တက္ကသိုလ်စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများနှင့် တွေ့ဆုံပြီး စဉ်းစားတွေးခေါ်မှုကိုအားပေးသော သင်ကြားနည်းစနစ်များကို ခေတ်နှင့်အညီ ကျင့်သုံးရေး၊ ပညာရေးမြှင့်တင်နိုင်မည့် အကြံပြုချက်များ စုဆောင်းပေးပို့ရေး ကိစ္စရပ်များကို ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းနှင့် PEC ကိုယ်ပိုင် အထက်တန်းကျောင်းတို့သို့ရောက်ရှိပြီး စာသင်ခန်း များ၌ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာပေသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ သိပ္ပံခန်းနှင့် စာကြည့်တိုက်များကို ကြည့်ရှု စစ်ဆေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်ပညာရေး ဒီဂရီကောလိပ်သို့သွားရောက်ပြီး ဘောလုံးအားကစား သမားများ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကာ ပြည်ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးထံ အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


