ဘားအံ ဇွန် ၄
ကရင်ပြည်နယ် ဘားအံမြို့၌ သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီခန့်က ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥက္ကဌ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က အမှာစကားပြောကြားရာတွင် ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း ရေဘေး၊ လေဘေး၊ မီးဘေး၊ ကမ်းပြိုဘေး အစရှိသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်း စသည့် အပိုင်း(၃)ပိုင်းကို ထိထိမိမိဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားကြရန်လိုကြောင်း၊ သဘာဝဘေးဖြစ်ပွားလာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ ယခင်နှစ်က ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများ၊ သဘာဝဘေးနှင့်ပတ်သက်၍ သတင်းအမှန်များကို အချိန်နှင့်တစ်ပြေးညီ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဘားအံခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များက မိမိတို့ဌာနအလိုက် ဆောင်ရွက်ကြမည့် သဘာဝဘေးဖြစ်လာပါက လုံခြုံရေးကိစ္စများ ဆောင်ရွက်မည့်အခြေအနေ၊ ကူညီရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေ၊ စိုက်ပျိုးသီးနှံများ ပျက်စီးပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမည့်အခြေအနေများ၊ ကယ်ဆယ်ရေးစခန်းများတွင် သန့်ရှင်းရေး၊ ကျန်းမာရေးဆောင်ရွက်မည့်အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မည့်အစီအမံများစသည်တို့ကို ဆွေးနွေးတင်ပြကြရာ ဘားအံခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ကော့လှိုက်ကျေးရွာတွင် သံလွင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပေါ်ခဲ့၍ နေအိမ်များဖျက်သိမ်းပြောင်းရွှေ့ရသူ ဒေသခံပြည်သူ(၅)ဦးအား ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြေနေရာ များ ချထားပေးခဲ့ရာ မြေပိုင်ဆိုင်မှုအထောက်အထားများကို ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များက ပြည်သူ(၅)ဦး၏ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်


