နေပြည်တော် ဇူလိုင် ၆
(၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း) တို့မှ ပါမောက္ခချုပ်များ၊ ဗဟိုသမဝါယမအသင်း လီမိတက်မှ ဒါရိုက်တာ အဖွဲ့ဝင်များ၊ သမဝါယမ ကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့မှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌများ၊ သမဝါယမ အသင်းသားများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (International Co-operative Alliance -ICA) ကို ၁၈၉၅ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ စတင်ဖွဲ့စည်းခဲ့ရာ သက်တမ်း ၁၂၉ နှစ် ရှိပြီဖြစ်ကြောင်း၊ ၁၉၂၃ ခုနှစ်မှ စတင်၍ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် ၁၀၂ နှစ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ၁၉၉၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံက နှစ်စဉ် ဇူလိုင် ပထမပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံရှိ ဗဟိုသမဝါယမအသင်းသည် ၁၉၉၃ စက်တင်ဘာ ၇ ရက်တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်၏ အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၀၄ ခုနှစ်၌ သမဝါယမအသင်း အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၀၅ ခုနှစ် ဇန်နဝါရီ (၃) ရက်တွင် စစ်ကိုင်းခရိုင် မြင်းမူ ငွေစုငွေချေး သမဝါယမအသင်းကို စတင်ဖွဲ့စည်းသည်မှစ၍ သမဝါယမလုပ်ငန်းများ သန္ဓေတည်လာခဲ့ပါကြောင်း၊ ခေတ်အဆက်ဆက် သမဝါယမ အသင်းများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဦးစီးဌာန၊ ဝန်ကြီးဌာန ဖွဲ့စည်းထူထောင်ပြီး လမ်းညွှန်ကြီးကြပ်မှုများဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း။
၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဝန်ကြီးဌာနအသစ်အဖြစ် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ခေတ်နှင့်အညီ မူဝါဒအသစ်များဖြင့် (၃) နှစ် တာကာလအတွင်း သမဝါယမလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ ဖွဲ့စည်းခဲ့ပြီးသော အသင်းဟောင်းများကို လုပ်ငန်းအမှန်တကယ် လုပ်ကိုင်သူများကိုသာ ပြန်လည်ပြုပြင် ဖွဲ့စည်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ထိ သမဝါယမ အသင်းပေါင်း (၃၈၆၅၉) သင်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဆောင်ပုဒ်ဖြစ်သည့် “Cooperatives Build a Better Future for All” (အနာဂတ်ဘဝ ပိုမိုကောင်းမွန်ရေး သမဝါယမက ဆောင်ရွက်ပေး) ဆိုသည့်အတိုင်း နိုင်ငံတကာ သမဝါယမများက မျှဝေခံစားတတ်သော လူ့ကျင့်ဝတ် ဂုဏ်သိက္ခာ စံတန်ဖိုးများအပေါ် အခြေတည်ထားသည့် အခြေခံမူများအတိုင်း လိုက်နာကျင့်သုံး ကြိုးစားအားထုတ် ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ဗဟိုသမဝါယမအသင်း လီမိတက်ဥက္ကဋ္ဌ ကိုယ်စား ဒါရိုက်တာအဖွဲ့ဝင် ဦးထွန်းလှိုင်က အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြုစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်မှ ပေးပို့သော သဝဏ်လွှာကို ဗဟိုသမဝါယမအသင်း လီမိတက် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာတိုးနန္ဒာတင်က ဖတ်ကြားကာ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြုတေးသီချင်းနှင့် သမဝါယမလုပ်ငန်း ဆောင်ရွက်မှု Video Clip ကို ပြသသည်။ 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သမဝါယမဖွံ့ဖြိုးရေး ဆောင်ရွက်မှုများအတွက် ဆုအမျိုးအစားပေါင်း ၂၇ ဆုကို ပေးအပ်ချီးမြှင့်ပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်