နေပြည်တော် ဇူလိုင် ၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီးကျန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Nyingchi မြို့၌ ကျင်းပသည့် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သို့ပြန်လည်ရောက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၅ ရက် ညနေပိုင်းတွင် ကူမင်းမြို့သို့ ရောက်ရှိရာ ဆစ်ဆောင်ပါးနား အပူပိုင်း ရုက္ခဗေဒဥယျာဉ် (Xishuangbanna Tropical Botanical Garden-XTBG) ညွှန်ကြားရေးမှူးချုပ် Prof. Dr. Yang Yongping ၊ ကူမင်းရုက္ခဗေဒဥယျာဉ် (Kunming Institute of Botany-KIB) Prof. Dr. Yang Xuefei နှင့် မြန်မာကျောင်းသားများက လာရောက်ကြိုဆိုကြကာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ပညာသင်ဆုများ တိုးမြှင့်ပေးအပ်ရေး ကိစ္စရပ်များကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ကူမင်းရုက္ခဗေဒဥယျာဉ် (Kunming Institute of Botany -KIB) သို့ သွားရောက်လေ့လာရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Dr. Wu Jianqiang နှင့် Prof. Dr. Yang Xuefei တို့က ဥယျာဉ်အတွင်း အပင်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းထားမှုနှင့် အပင်မျိုးစိတ် အသစ်များ သုတေသနပြု ရှာဖွေဖော်ထုတ်မှု အခြေအနေ၊ ကမ္ဘာ့နေရာဒေသ အသီးသီးမှ အပင်မျိုးစိတ်များကို နေရင်းဒေသပြင်ပတွင် ထိန်းသိမ်းပြသဆောင်ရွက်ထားမှု၊ သုတေသန၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အများပြည်သူ အပန်းဖြေနားနေနိုင်စေရန် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုက္ခဗေဒဥယျာဉ်အတွင်း စိုက်ပျိုးထိန်းသိမ်းထားသော အပင်မျိုးစိတ် အမျိုးမျိုးနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး အသိပညာပေးပြခန်း၌ ပြသထားသော ပြကွက်များကို လှည့်လည်ကြည့်ရှု လေ့လာခဲ့သည်။
အဆိုပါ ရုက္ခဗေဒ ဥယျာဉ်ကို ၁၉၃၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အကျယ်အဝန်း ၄၄ ဟက်တာကျော်ရှိကာ အပင်မျိုးစိတ် စုစုပေါင်း ၈,၈၄၀ ကျော်ကို ထိန်းသိမ်းထားကြောင်းနှင့် နှစ်စဉ် ဧည့်သည် ၇၀၀,၀၀၀ ကျော် လာရောက်ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် တရုတ်အကယ်ဒမီသိပ္ပံ (Chinese Academy of Sciences-CAS) ၏ သုတေသနနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ဌာနခွဲများဖြစ်သော ကူမင်းရုက္ခဗေဒဥယျာဉ် (KIB)၊ ကူမင်းသတ္တဗေဒဌာန (Kunming Institute of Zoology)နှင့် ဆစ်ဆောင်ပါးနား အပူပိုင်းရုက္ခဗေဒဥယျာဉ် (XTBG) တို့သည် ၂၀၁၆ ခုနှစ်ကစတင်၍ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ သုတေသန ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ၅ နှစ်သက်တမ်းရှိ နားလည်မှု စာချွန်လွှာကို ထပ်မံလက်မှတ်ရေးထိုးခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


