ချင်းတောင် ဇူလိုင် ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇူလိုင် ၈ ရက်မှ ၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့၌ ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)၏ စိမ်းလန်းသော ဖွံ့ဖြိုးမှု ဖိုရမ်သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ တာဝန်ရှိသူများက နေပြည်တော် လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကူမင်းမြို့သို့ ရောက်ရှိရာ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ကျန်းရှစ်ကျင်း (Mr.Zhang Shijin) ၊ ကူမင်းကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့် တာဝန်ရှိသူများက ကူမင်း လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
တွေ့ဆုံနှုတ်ဆက်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့သို့ရောက်ရှိစဉ် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာ ဝမ်းဟောင် (Mr.Wang Hao) က အပြည်ပြည်ဆိုင်ရာလေဆိပ် အထူးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ နှုတ်ဆက်သည်။
ကြိုဆိုနှုတ်ဆက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာပြီး ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ချင်းတောင်မြို့သို့ ရောက်ရှိကြရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ချင်းတောင် မြူနီစီပယ်ဒေသ တရုတ်ကွန်မြူနစ်ပါတီ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် မစ္စလင်ပင်းနှင့် တာဝန်ရှိသူများက ချင်းတောင်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဟိုတယ်ရောက်ရှိ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချင်းတောင်လေဆိပ်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာရာ တည်းခိုမည့် Qingdao Sea View Garden ဟိုတယ်သို့ ရောက်ရှိကြသည်။
အဖွဲ့ဝင်များလိုက်ပါ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည်။
သတင်းစဉ်


