နေပြည်တော် ဇူလိုင် ၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ ရောက်ရှိပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်သင်ကြားရေး ကျောင်းဆောင်များကို ကြည့်ရှုစစ်ဆေးကာ စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များကို ပေးအပ်လှူဒါန်းသည်။           

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အဆိုပါကျောင်း၌ ပျဉ်းမနားမြို့နယ် အတွင်းရှိ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မိမိရပ်ကွက် / ကျေးရွာများရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများ စိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်ကင်းစင်စေရေး၊ စံပြရပ်ကွက်/ ကျေးရွာများဖြစ်အောင် ဆောင်ရွက်ကြရေးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် ဒက္ခိဏသီရိ မြို့နယ် အမှတ်(၁၉) အခြေခံပညာ အထက်တန်းကျောင်း၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုအားပေးပြီး ဒက္ခိဏသီရိမြို့နယ် ထန်းတပင် တောရ ဆုတောင်းပြည့်ကျောင်း တိုက်အတွင်းရှိ သုခကာရီ စာကြည့်တိုက်သို့ ရောက်ရှိကာ စာကြည့်တိုက်၌ စာအုပ်စာစောင် များ ခင်းကျင်းထားမှုနှင့် ကျေးရွာ နေ ပြည်သူများ၊ လူငယ်၊ လူရွယ် များ စာပေလေ့လာ ဖတ်ရှုနေမှုကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက် အတွက် စာအုပ်များ ပေးအပ် လှူဒါန်းသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဒက္ခိဏသီရိမြို့နယ် ထန်းတပင်တောရ ဆုတောင်းပြည့်ကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်း မြို့နယ် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး၌ တပ်ကုန်းမြို့နယ် ဩဝါဒါ စရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ စန္ဒာသီရိ သက်တော်ရှည် မြို့ရှေ့စန္ဒာရုံ ဆရာတော်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းခံရတော်မူသော တပ်ကုန်းမြို့နယ်မှ ဆရာတော်ငါးပါးနှင့် သီလရှင်တစ်ပါးတို့အား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် သော်တာကျေးရွာရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (MRTV) သို့ ရောက်ရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များ သင်ကြားမည့် စာသင်ခန်းများနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု ပေတောကျေးရွာ ကွင်းအမှတ် (၁၃၁၀) ၌ မိုးစပါး အခြောက်မျိုးစေ့ချကိရိယာ (Dry Seeder)ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရာက်ပြီး ခရမ်းစပ်ကုန်း ကျေးရွာအုပ်စုမှ တောင်သူများကို မျိုးစေ့ချကိရိယာများ ပေးအပ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု ကင်းသာကျေးရွာရှိ ဒေါက်တာ ဇော်ထူးမြင့်၏ အသားတိုးဝက် မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်