မော်လမြိုင် ဇူလိုင် ၇
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ဥပတိရုပ် ကောင်းမွန်စေရေး၊ စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာမှုရှိစေရေးအတွက် မြိုနယ်သီးသီးရှိ စာသင်ကျောင်းများ၌ ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကျောင်းတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး စာသင်ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်နိုင်(မော်လမြိုင်)


