ရွှေကူ ဇူလိုင် ၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးနစ်မြုပ်၍ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြသော ရေဘေးသင့်အိမ်ထောင်စုများအား ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သည့် ထောက်ပံ့ငွေများအား ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်အတွင်း ဇူလိုင် ၁ ရက်မှစတင်၍ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်းများရှိ လူနေအိမ်များနှင့် လမ်းများအတွင်း ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်များကြောင့် ဒုက္ခကြုံတွေ့နေရသော ပြည်သူများ၏ လတ်တလော စားဝတ်နေရေး သက်သာချောင်ချိမှု ရရှိစေရန်အတွက် မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေ တစ်ရက်လျှင် ကျပ် ၃၀၀ နှုန်းဖြင့် (၁၄)ရက်စာ ကျပ် ၄၂၀၀ ဖြင့် စုစုပေါင်း (၂၀၄)ဦးအတွက် စုစုပေါင်းငွေကျပ် ၈၅၆၈၀ဝ ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ဇူလိုင် ၆ ရက် နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် တောပုန်းကျေးရွာများမှ ရေဘေးသင့်ပြည်သူ (၅၁၁)ဦးအတွက် စုစုပေါင်းငွေကျပ် ၂၁၄၆၂၀ဝ ကိုလည်း သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများမှ ရေဘေးအန္တရာယ်ကျရောက်နေစဉ်နှင့် ကျရောက်ပြီးပါက ဆောင်ရန်ရှောင်ရန်များကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)