ဒဂုံတောင် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာလုပ်ငန်းများကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ဈေးများ၊ ဝန်ထမ်းမိသားစုလိုင်းခန်းများ၊ အခြေခံပညာကျောင်းများ၊ လမ်းဘေးဈေးများ စသည့် ပြည်သူများ သွားလာမှုများသောနေရာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ယနေ့နံနက် ၁၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ်ဦးဆောင်ကာ ပြည်သူများစုဝေးရာ ၅၇ ရပ်ကွက် ပုဂံလမ်းရှိ ဒဂုံသီရိဈေး၊ ၂၀ ရပ်ကွက် မြိတ်လမ်းရှိ အမှတ်(၂)ဈေး၊ ၇၁ ရပ်ကွက် လှော်ကားလမ်းရှိ ဗဟိုစည်ဈေးတို့တွင် ဈေးရောင်းဈေးဝယ်ပြည်သူများအား မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြစ်သည့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိလိုက်နာစေရန် လက်ကိုင်စပီကာများဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
သန်းသန်းအေး


