နေပြည်တော်၊ ဇူလိုင် ၇ 
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဇူလိုင် ၅ ရက်မွန်းလွဲပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီမံကိန်း မန်နေဂျာရုံး (၁) (ရန်ကုန်) သို့ ရောက်ရှိရာ စီမံကိန်းမန်နေဂျာက ၅၀၀ ကေဗွီ ဘုရားကြီး - လှိုင်သာယာ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းဆောင်ရွက်နေမှုအခြေအနေ၊ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်နေမှုနှင့် ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံများ၌ Switch Bay အသစ်တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး  သက်ဆိုင်ရာ ပစ္စည်းစီမံရေးဌာနတာဝန်ခံနှင့် တာဝန်ရှိသူများက ဂိုဒေါင်အလိုက် ပစ္စည်းများ ထိန်းသိမ်းထားသိုမှု/ ထုတ်ပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။  
တင်ပြချက်များနှင့်စပ်လျဉ်း၍ဒုတိယဝန်ကြီးက ဘတ်ဂျက်ပါ စီမံကိန်းလုပ်ငန်းများအတွက် ပစ္စည်းများ အချိန်မီရောက်ရှိရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ မဟာဓာတ်အားလိုင်းများ ကြံ့ခိုင်ထိန်းသိမ်းမှုကို ကြိုတင်ကာကွယ်ဆောင်ရွက်ထားရန်၊ လျှပ်စစ်စမ်းသပ် စစ်ဆေးရေးပစ္စည်းနှင့် ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ရေး ပစ္စည်းများ စနစ်တကျ သိမ်းဆည်းထားရှိရန်၊ ပစ္စည်းများ အလေအလွင့်မရှိအောင် ထားသိုထိန်းသိမ်း/ သုံးစွဲသွားရန်၊ နှစ်စဉ်စီမံကိန်းလုပ်ငန်းများအရ လိုအပ်ချက်ကို လက်ကျန်စာရင်းများဖြင့်စိစစ်ပြီး စနစ်တကျ ဝယ်ယူဖြည့်တင်း၍ စိစစ်ထုတ်ယူသုံးစွဲခြင်းဖြင့် နိုင်ငံဘဏ္ဍာချွေတာရာ ရောက်ပါကြောင်း၊ ထို့ကြောင့် ပစ္စည်းများရရှိ/ ထုတ်ပေး/ သုံးစွဲ/ လက်ကျန်စာရင်းများကို စနစ်တကျမှတ် တမ်းရေးသွင်းထားရှိကြရန် လိုအပ်ပါကြောင်း၊ အသုံးမလိုပိုလျှံပစ္စည်းများ၊ သက်တမ်းကျော်လွန် သုံးစွဲခဲ့သည့်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ကြရန်၊ မီးဘေးလုံခြုံရေးအတွက်   ဂိုဒေါင်နှင့် ရုံးခန်းများတွင် မီးသတ်ဆေးဗူးများထားရှိရန်၊ နှစ်ချုပ်လက်ကျန် စာရင်းကောက်ယူမှု မှန်ကန်စေရေး ဆောင်ရွက်ရန်၊ ထုတ်ယူသုံးစွဲထားသောပစ္စည်းများအား အချိန်မီစာရင်းဖြောင့် ရှင်းလင်းရန်နှင့် အခြားလိုအပ်သည်များ မှာကြားကာ မြေပြင်ရှိပစ္စည်းများထားသိုမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်

mdn