နေပြည်တော်၊ ဇူလိုင် ၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (စတုတ္ထအကြိမ်) ကို ယနေ့နံနက် ၉ နာရီတွင် တည်းခိုရေးစခန်း (ရွာတော်) ရှိဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ကော်မရှင်အနေဖြင့် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး မဲဆန္ဒရှင် စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပခဲ့ရာ ယခုဆိုလျှင် (၄) ကြိမ်အထိ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်း ၄၃၁ ဦး နှင့် online ဖြင့် တက်ရောက်သူ ၃၀၃ ဦး စုစုပေါင်းဝန်ထမ်း ၇၃၄ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း၊ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပဆောင်ရွက်ခြင်းသည် မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်၏ အားနည်းချက်များ၊ အခက်အခဲများကို ဆွေးနွေးအဖြေရှာပြီး မဲစာရင်းများပြုစုရာတွင် လျင်မြန်စွာဆောင်ရွက်နိုင်ရန်နှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရန်ဖြစ်ကြောင်း။
ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲစာရင်း မှားယွင်းမှုများကို စစ်ဆေးဆောင်ရွက်ပြီးချိန်မှစ၍ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးကို တစိုက် မတ်မတ် ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးသာမက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲအကြို လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲရုံဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်နှံ့စပ်နေအောင် ကြိုတင်လေ့လာထားကြရန် မှာကြားလိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်ရှိသည်များကို ယခုထက် အရှိန်အဟုန်မြှင့်ပြီး အသင့်ဖြစ်အောင် ဆောင်ရွက်ထားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်ရုံးမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဇူလိုင် ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


