နေပြည်တော်၊ ဇူလိုင် ၇
    
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းသားသမီးများမှ  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ထူးချွန်ဝန်ထမ်းများကို ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရုံးအမှတ် (၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ ၊ အရာထမ်း အမှုထမ်းများ၊ ဂုဏ်ထူးရထူးချွန်ကျောင်းသား ကျောင်းသူများ နှင့် အုပ်ထိန်းသူမိဘများ ထူးချွန်ဝန်ထမ်းများ တက်ရောက်ကြသည်။ 
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုနှစ် မိမိတို့ဝန်ထမ်းသားသမီးများ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်မှုတွင် ဖြေဆိုသူ ၈၀၁ ဦး ရှိသည့်အနက် အောင်မြင်သူ ၅၇၄ ဦး ၇၂ ရာခိုင်နှုန်းရှိပါကြောင်း၊ ၎င်းတို့အနက် အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းတက်သူ ၆၃၄ ဦး၊ အောင်မြင်သူ  ၄၀၆ ဦးရှိပြီး အောင်ချက် ၆၄ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်းတို့အနက် ဂုဏ်ထူးများဖြင့် ထူးထူးချွန်ချွန် အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူ  ၉၆ ဦး (၁၇ ရာခိုင်နှုန်း) ရှိသည်ကို တွေ့ရှိရပါကြောင်း၊ လုံးဝကျူရှင်မယူဘဲ ဂုဏ်ထူး တစ်ဘာသာရသူ ခြောက်ဦး၊ ဂုဏ်ထူးနှစ်ဘာသာရရှိသူ နှစ်ဦးပါဝင်တာကိုလည်း ထူးခြားစွာ တွေ့ရပါကြောင်း။
အခြေခံပညာ အထက်တန်းအဆင့် Grade-12 ကို ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ အနေဖြင့်လည်း မိဘဆရာများ၏ ဆုံးမသွန်သင် ပြုစုပျိုးထောင်ပေးသော ဂုဏ်ကျေးဇူးကို အစဉ်အောက်မေ့ပြီး မိမိကိုယ်ကို အမြဲထူးချွန်အောင်၊ လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် ဆက်လက် ကြိုးစားစေလိုကြောင်း၊ ဆက်လက်ပြီး မိမိဝါသနာပါရာ ဘာသာရပ်များကို စနစ်တကျ စဉ်းစားရွေးချယ်၍ ဆက်လက်လေ့လာသင်ယူကာ မိမိကျွမ်းကျင်ရာ နယ်ပယ်မှာ အသိတရား၊ ဆင်ခြင်တုံတရား၊ ပညာဉာဏ်စွမ်းအားများဖြင့် မိမိအကျိုး၊ မိသားစုအကျိုး၊ နိုင်ငံနှင့်ပြည်သူ့ အကျိုးများကို သယ်ပိုးထမ်းရွက်နိုင်ကြစေရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် သိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံး စတုတ္ထရရှိသူတစ်ဦး အပါအဝင်ခြောက်ဘာသာဂုဏ်ထူးရှင်  ၂၃ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၂၀၊ လေးဘာသာ ဂုဏ်ထူးရှင် ၂၁ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင်  ၂၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၃၃ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၆၅ ဦး၊ စုစုပေါင်း ဂုဏ်ထူးများဖြင့် အောင်မြင်သူ ၁၈၅ ဦးတို့ကို ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုငွေသားများချီးမြှင့် ပေးအပ်ကြသည်။ 
အလားတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဖွင့်လှစ်သည့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် သင်တန်းများတွင် ထူးချွန်ဆုများရရှိခဲ့ကြသော ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြု ငွေသားများ ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ အစိုးရ အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက် ပညာသင်ယူစေပြီး ဂုဏ်ထူးရှင် ကျောင်းသား ကျောင်းသူ သားသမီးများဖြစ်အောင် ပြုစုပျိုးထောင်ခဲ့ကြသော မိဘ (ဝန်ထမ်း) များကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တွင် တာဝန်ထမ်း ဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းသားသမီးများမှ ယခင်နှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ဖြေဆိုသူ ၉၁၄ ဦးတွင် အောင်မြင်သူ ၄၅၂ ဦး ရှိသဖြင့် အောင်ချက် ၄၉ ရာခိုင်နှုန်းရှိခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်  ၈၀၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ  ၅၇၄ ဦးရှိ၍ အောင်မြင်မှု ၇၂ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း၊ အစိုးရ အခြေခံပညာအထက်တန်းကျောင်း တက်ရောက်အောင်မြင် သူ ၄၀၆ ဦးရှိပြီး ဂုဏ်ထူးများဖြင့် ထူးထူးချွန်ချွန် အောင်မြင်သူ ၂၃ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်