နေပြည်တော် ဇူလိုင် ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဇူလိုင် (၅) ရက်က ညောင်ဦးမြို့နယ် ဆီထွက်အထူးဇုန်တွင် ညောင်ဦးမြို့နယ်က တီထွင်ထုတ်လုပ်သည့် ထွန်စက်ဆွဲ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးထားသော ပင်ပြန့်မြေပဲစိုက်ခင်းကို ကွင်းဆင်းကြည့်ရှု လေ့လာပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တစ်ဧကတွင် ရှိရမည့် အပင်ဦးရေပြည့်မီရေးနှင့် တောင်သူဗဟိုပြု စိုက်ပျိုးရေးစနစ် ဖော်ဆောင်နိုင်ရေး၊ အပူပိုင်းဒေသ အထွက်နှုန်းတိုးတက်ရေးအတွက် ကွက်လပ်မရှိ စိုက်ပျိုးရန်နှင့် စိုက်သည့် အကွက်တိုင်း ကောင်းမွန်အောင် စိုက်ပျိုးကြရန် ဆွေးနွေးပြောကြားကာ တောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ခြံအား ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန ခြံတာဝန်ခံက သရက်၊ စပျစ်၊ မာလကာမျိုးများ စိုက်ပျိုးထားရှိမှုနှင့် ဒေသရေမြေ ရာသီဥတုနှင့်ကိုက်ညီမည့် သီးနှံအမယ်သစ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သရက်မျိုးများ စုဆောင်းထိန်းသိမ်းခြင်းနှင့် အကြမ်းခံ သရက်မျိုးများကို အောက်ခံပင်အဖြစ် အသုံးပြုခြင်းဖြင့် စားသုံးမှုအပေါ် သက်ရောက်ခြင်း၊ တနှစ်အတွင်း သရက်မျိုးအလိုက် အသီးဆွတ်ခူးချိန်နှင့် ဈေးကွက်ဆိုင်ရာ ပြက္ခဒိန်ထားရှိ ဆောင်ရွက်ရန်၊ စပျစ်မျိုးများစုဆောင်း ထိမ်းသိမ်းထားခြင်းနှင့် ကွဲပြားသည့်စပျစ်မျိုးသစ်များ ရရှိနိုင်ရေး၊ အပူပိုင်းဒေသထွက် ဈေးကွက်ဝင်သီးနှံ နှင့် ဈေးကွက်မဝင်သေးသည့် သီးနှံမျိုးကွဲများကို စုဆောင်းထိန်းသိမ်းရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ် ကိုင်းကျေးရွာ တောင်သူဦးသာဩ၏ စိုက်ကွင်းတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် နေကြာမျိုးစေ့ထုတ် စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မျိုးသန့်စင်ရေးနည်းလမ်းများနှင့် အထူးဂရုပြုဆောင်ရွက်ရမည့် ပန်းတိုင် အထွက်ရရှိရေးဆိုင်ရာ ဗဟုသုတများကို ဆွေးနွေးပြောကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် မြောက်လယ်အုပ်စု၊ အိုးအိုင်ကုန်းကျေးရွာရှိ ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်အထူးဇုန်တွင် စိုက်ပျိုးထားရှိသည့် နှမ်းသီးနှံနှင့် ပဲစင်းငုံ သီးညှပ်စိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးနိုင်သည့် မြေဧရိယာပြည့် ကွက်လပ်မရှိ စိုက်ပျိုးလုပ်ကိုင်နိုင်ရေး၊ သတ်မှတ်ထားသည့် အပင်ဦးရေပြည့်မီစွာ အပင်စေ့ ကျင်းစေ့ စိုက်ပျိုးရန် လိုအပ်ချက်များ၊ နှမ်းသိမ်းပြီးချိန်တွင် ပဲစင်းငုံ စိုက်တန်းများအကြား မြေဖုံးသီးနှံအဖြစ် ပဲပိစပ်သီးနှံစိုက်ပျိုးခြင်းဖြင့် မြေအစိုဓါတ် ထိန်းသိမ်းနိုင်မှုတို့ကို အသိပညာပေး ဆွေးနွေးပြောကြားပြီး တောင်သူများ၏ လိုအပ်ချက်များ ကူညီပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မိတ္ထီလာမြို့နယ် မုန်တိုင်ဆည်၏ ဝင်ရေသိုလှောင်ထိန်းသိမ်းထားရှိမှု၊ တမံကြံ့ခိုင်မှု နှင့် ဆည်ရေသောက်ဧရိယာအတွင်း ရေပေးဝေနိုင်မှု၊ မိတ္ထီလာကန်အား ရေကူပေးသည့် ဆက်စပ်ရေလှောင်တမံများမှ ရေသွယ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်


