နေပြည်တော်၊ ဇူလိုင် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့်အတူ ဇူလိုင် ၅ ရက် ညနေပိုင်းက မန္တလးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ အနီးစခန်းလေဆိပ်သို့ ရောက်ရှိရာ လေယာဉ်ကွင်း အဆင့်မြှင့်တင်ရေး လေ့လာဆန်းစစ်မှု အခြေအနေများကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် လိုအပ်ချက်များကိုမှာကြား ဖြည့်ဆည်းပေးသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၆ ရက် နံနက်ပိုင်းက မြန်မာ့မီးရထား မန္တလေး ဘူတာကြီးသို့ ရောက်ရှိကြရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရထားသွားလာရေးလုပ်ငန်းများ၊ ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှု၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း အခြေအနေများကို တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မန္တလေးဘူတာကြီး ယာဒ်ဝင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဘူတာကြီး၌ တပ်ဆင်ထားသော လုံခြုံရေးစနစ်ကို အချိန်ပြည့် ထိရောက်စွာ စောင့်ကြည့်ထိန်းချုပ်မှုရရှိနိုင်ရေးအတွက် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း ကိုင်တွယ်၊ ထိန်းချုပ်မှုကို ဆောင်ရွက်ရေး၊ မြန်မာ့မီးရထားနှင့် မြန်မာ့စာတိုက်လုပ်ငန်းတို့ ညှိနှိုင်း၍ ရထားဖြင့် ချောစာပို့လုပ်ငန်း ပိုမိုထိရောက်စွာ ပို့ဆောင်ရေး၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိစ္စများကို အထူးဂရုပြု ဆောင်ရွက် ပေးရေး လိုအပ်ချက်များကို မှာကြားကာ ဘူတာယာဒ်ဝင်းအတွင်း ပလက်ဖောင်းအမြင့် မြှင့်တင်ခြင်းကိစ္စ၊ တွဲပြင်ရုံနှင့် ပါဆယ်ရုံတို့၌ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးမြို့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးသို့ ရောက်ရှိပြီး အစည်းအဝေးခန်း၌ မန္တလေးမြို့တွင် အခြေစိုက်၍ တာဝန်ထမ်းဆောင် လျက်ရှိကြသည့် ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ တာဝန်ခံအရာရှိများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်းကောင်းများ ပီသစွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရေး၊ ဌာနအလိုက်ရုံးများ၊ အိမ်ရာများ၌ ဝန်ထမ်းများနှင့် မိသားစုများ၏ လိုအပ်ချက်များကို သိရှိအောင် အစဉ်အမြဲစစ်ဆေး၍ ဖြည့်ဆည်းပေးနိုင်ရေး၊ လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာအောင် လေ့ကျင့်ပေးရေးတို့ကို မှာကြားကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာ လက်ဆောင်များ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြစ်ငယ်ရှိ မြန်မာ့မီးရထား၏ လူစီးတွဲနှင့် ကုန်တွဲစက်ရုံသို့ ရောက်ရှိပြီး စက်ရုံအမှတ် (၃) လုပ်ငန်းခွင်နေရာ၌ စက်ရုံဝန်ထမ်းများနှင့် အတူတကွ နေ့လယ်စာကို သုံးဆောင်သည်။

ဆက်လက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး နိုင်ငံ့ဝန်ထမ်းများ ပီသစွာဖြင့် မိမိဌာန၏ လုပ်ငန်း ရည်မှန်းချက်များ ပြည့်မီစွာ အကောင်အထည်ဖော်စွမ်းဆောင်နိုင်ရေး၊ စာကြည့်တိုက်များ၌ လုပ်ငန်းနှင့်သက်ဆိုင်သည့် ဘာသာရပ် စာအုပ်စာပေများကို ထားရှိစီစဉ်ပေးပြီး ဝန်ထမ်းများ ဖတ်ရှုလေ့လာ၊ အသိပညာ ဗဟုသုတတိုးပွားစေရေး၊ ဝန်ထမ်းအိမ်ရာများ သန့်ရှင်းပြီး စနစ်တကျရှိစေရန် စစ်ဆေး၍ လိုအပ်သည့် ပံ့ပိုးမှုများဆောင်ရွက်ပေးရေးတို့ကို မှာကြားကာ စက်ရုံဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် စက်ရုံမှူး၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ တင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားပြီး စက်ရုံအတွင်း လူစီးတွဲများ မွမ်းမံပြင်ဆင်မှု၊ ကုန်သေတ္တာတင် ကွန်တိန်နာတွဲများ တည်ဆောက်ပြီးစီးမှု လုပ်ငန်းခွင်များသို့ လှည့်လည်ကြည့်ရှုကာ တွဲတည်ဆောက်ရေး လုပ်ငန်းအတွက် လိုအပ်သည့် ပစ္စည်းအမျိုးအမည်များ စုံလင်စွာ ဝယ်ယူစုဆောင်း ရရှိနိုင်ရေး မှာကြားသည်။

ယင်းနောက် မြစ်ငယ်ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသနေသည့် ဝန်ထမ်းလူနာများကို နှုတ်ဆက်အားပေး၍ စားသောက်ဖွယ်ရာများ လက်ဆောင်ပေးအပ်ပြီး ဆေးရုံသုံးပစ္စည်းများ ရရှိမှု၊ အသုံးပြုနိုင်မှု အခြေအနေများကို စစ်ဆေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် မန္တလေးဘူတာကြီးမှ RBE ရထားဖြင့် စီးနင်းလိုက်ပါပြီး မန္တလေး - သာစည်မှ တစ်ဆင့် မိတ္ထီလာဘူတာအထိ ရထားလမ်းပိုင်း၏ သံလမ်း၊ တာဘောင်များနှင့် တံတားများ ကြံ့ခိုင်မှုအခြေအနေ၊ ဘူတာများ သန့်ရှင်းမှုနှင့် စနစ်တကျရှိမှု၊ ရထားလမ်းနှင့် ကားလမ်းကူးနေရာများတွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကာ ရထားအမြန်နှုန်း မြှင့်တင်နိုင်ရေးအတွက် လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်