နေပြည်တော်၊ ဇူလိုင် ၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ် ပျံချီကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာသို့ ရောက်ရှိပြီး ကျေးရွာအုပ်စုများမှ တောင်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စပါးနှင့် အခြာသီးနှံများစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်း မြင့်မားပြီး တောင်သူများဝင်ငွေမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲခြင်း၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက် ထည့်သွင်းပေးခြင်းနှင့် ရိတ်သိမ်းရာတွင် အလေအလွင့် အနည်းဆုံးဖြစ်အောင် ရိတ်သိမ်းနိုင်ရေးအတွက် စက်ကိရိယာများတွင်ကျယ်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး အသိပညာပေး စင်တာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရှင်များက အသိပညာပေး ဆွေးနွေးမှုများ မပြတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ခေတ်နှင့်အညီ ခေတ်မီနည်းပညာများကို အသုံးပြုပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရာက်လာကြသည့် တောင်သူများက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တောင်သူများနှင့်အတူ ပျံချီကျေးရွာ ကွင်းအမှတ် (၁၇၃၈) တောင်သူ ဦးညွန့်မောင်၏ လယ်မြေတွင် လက်ဆွဲအစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး လယ်ဝေးမြို့နယ်၊ ထိန်အင်းကျေးရွာအနီးရှိ ထိန်အင်းကန်အတွင်း ရေဝင်ရောက်မှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု အဆင့်မြင့်လယ်ယာမြေဧက (၂၀၀) ရှင်းလင်းဆောင်အနီး ကွင်းအမှတ် (၁၈၂၇) တောင်သူဦးတင်ငွေ၏ လယ်မြေ၌ စပါးရိတ်သိမ်းပြီး ကျန်ရှိသည့် ရိုးပြတ်များနှင့် ကောက်ရိုးများကို မီးမရှို့ဘဲ နှစ်ပတ်အတွင်း ဆွေးမြေ့သွားပြီး သဘာဝမြေဩဇာအဖြစ် ပြုလုပ်ပုံကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးပြီး တောင်သူများ ပူးပေါင်းပါဝင်သည့် တီကောင်မွေးမြူရေးကန်အတွင်း တီကျစ်စာမြေဩဇာပြုနေမှုကို ကြည့်ရှုသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဌာနဆိုင်ရာများ၊ တောင်သူများနှင့် တွေ့ဆုံပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မိုးစပါးစိုက်ပျိုးရာတွင် အခြောက်မျိုးစေ့ချ ကိရိယာများ၊ လက်ဆွဲမျိုးစေ့ချကိရိယာများ၊ ကောက်စိုက်စက်များ စက်စွမ်းအားပြည့်ဖြင့် လယ်ယာမြေများတွင် စိုက်ပျိုးပေးနိုင်ရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


