မြစ်ကြီးနား၊ ဇူလိုင် ၇
မြစ်ကြီးနားမြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ဝန်ကြီးဌာနအောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရေဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ရမှု၊ ပြည်နယ်အစိုးရက ဆောင်ရွက်နေသော ရေဘေးအန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှု၊ ဝန်ထမ်းများ၏ နေရေးထိုင်ရေးနှင့် တာဝန်ထမ်းဆောင်မှု အခြေအနေများကို မေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ငါးသေတ္တာဗူး (၂၀၀) နှင့် ထောက်ပံ့ငွေကျပ် ၁,၈၆၀,၀၀ဝ ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ မူလတန်းကြိုကျောင်း အမှတ် (၁) သို့ သွားရောက်ပြီး ကလေးများအတွက် သင်ထောက်ကူပစ္စည်းများထားရှိမှု၊ စာသင်ဆောင်များ၊ စားသောက်ခန်းများ၊ မီးဖိုဆောင်နှင့် ကစားကွင်းများကို ကြည့်ရှုကာ အသက် (၃) နှစ်မှ (၅) နှစ်အရွယ် မူကြိုကလေးငယ်များ ငယ်စဉ်ကပင် ဗလ (၅) တန် ဖွံ့ဖြိုးရေး၊ စည်းကမ်းလိုက်နာတတ်ရေး၊ ဘက်စုံကျန်းမာရေးတို့အတွက် စနစ်တကျလေ့ကျင့် သင်ကြားပေးကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Breaking News


