နေပြည်တော် ဇူလိုင် ၇
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့သို့ ရောက်ရှိပြီး ဒီဇင်ဘာလအတွင်း ကျင်းပမည့် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးမှ ဘတ်စကက်ဘော အားကစားနည်း ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစားသမား ရွေးချယ်နိုင်ရေး ကျင်းပနေသည့် ခရိုင်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စားပွဲတင်တင်းနစ် အားကစားခန်းမအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ပဲခူးတိုင်းဒေသကြီး အားကစားအောင်မြင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်အတွင်း (၂၀၂၂-၂၀၂၃)၊ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၃၄၃၈ ဒသမ ၈ သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ပရိသတ် (၄၀၇၀) ဆံ့ တိုင်းအားကစားကွင်း RC (၂) ထပ် အထူးတန်း ပွဲကြည့်စင် တည်ဆောက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်း မြက်ခင်း ပြုပြင်ထိန်းသိမ်းရန်၊ (Synthetic) ပြေးလမ်းခင်းနိုင်ရေးအတွက် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ထည့်သွင်းလျာထားရန်၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက်သွားရန်၊ ယခု ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၅၄ ဒသမ ၈၂၄ သန်း အကုန်ကျခံ ဆောင်ရွက်မည့် အလျားပေ ၉၀၀၊ အနံ (၁၈) ပေ၊ ထု (၆) လက်မရှိ အားကစားဥယျာဉ်အဝင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို စံချိန်စံညွှန်းမီ ဆောင်ရွက်ရန်၊ နိုင်ငံတော်၏ အရန်အင်အားဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်ပါအတိုင်း ပညာပေးဟောပြောခြင်း၊ သင်တန်းဖွင့်လှစ်ခြင်းများဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားဥယျာဉ်အတွင်း (၂၀၂၂-၂၀၂၃) (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၂၄၈၈ ဒသမ ၇၅ သန်း အကုန်ကျခံ တည်ဆောက်ပြီးစီးခဲ့သည့် ပရိတ်သတ် ၂၁၀၀ ဆံ့ အားကစားရုံ တည်ဆောက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးပြီး အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့ အသုံးပြုနိုင်ရေးအတွက် စနစ်တကျ ထိန်းသိမ်းရန်၊ နိုင်ငံတော်မှ ငွေကြေးအကုန်ကျခံ တည်ဆောက်ပေးပြီး ဖြစ်သည့် အတွက် ပဲခူးတိုင်းဒေသကြီး အားကစားတိုးတက်မြင့်မားရေး၊ မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားရန်၊ မိုးရာသီ ကျရောက်ပြီ ဖြစ်သည့်အတွက် အားကစားဉယျာဉ်အတွင်း အရိပ်ရပင်၊ လေကာပင်များ စနစ်တကျ စိုက်ပျိုးသွားရန် မှာကြား၍ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


