နေပြည်တော် ဇူလိုင် ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပန်းတနော်မြို့ Community Centre သို့ ရောက်ရှိပြီး လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်လျက်ရှိသည့် သင်တန်းသား သင်တန်းသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြား တတ်မြောက်စေပြီး ကိုယ်ပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် အမှန်တကယ်ဝင်ရောက်လုပ်ကိုင်နိုင်ကာ ဝင်ငွေများရရှိစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းများ အပါအဝင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ သင်တန်းပြီးဆုံးပါက အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ မတည်ရင်းနှီးပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် Grade-9 အောင်မြင်ပြီးသူများအနေဖြင့် သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများတွင် အခမဲ့တက်ရောက်နိုင်ကြောင်း၊ အဆိုပါ သင်တန်းကျောင်း တက်ရောက်ပြီးပါက ထူးချွန်သူများအနေဖြင့် သမဝါယမ ကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူး တက်ရောက်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ သင်တန်းသားသင်တန်းသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ၁၉ ရွာ၊ အိမ်ခြေ ၁၆၅၅ အိမ် ၊ လူဦးရေ ၈၈၈၄ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် ဆုတောင်းပြည့်ကျေးရွာအဝင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေး ပြည့်မီစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်နှင့် လမ်းရေရှည် ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပန်းတနော်မြို့နယ် အိုးဘို-ချောင်းကလေး လမ်းပေါ်ရှိ ကျုံပတောချောင်းကူး ကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ချောင်းကလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ ဆရာဆရာမများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ကျောင်းဝင်းအတွင်း ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုနှင့် ဆုတောင်းပြည့် ကျေးရွာ ကျေးလက် ကုန်ထုတ်လမ်းဖောက်ရန် လျာထားသည့် မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပန်းတနော်မြို့နယ်ရှိ ကျေးရွာ ၇ ရွာ၊ အိမ်ခြေ ၆၅၉ အိမ် ၊ လူဦးရေ ၃၄၇၈ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် မရမ်း-ကျုံဖား ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့နယ်၊ မြေနုကျေးရွာရှိ Global Earth Agro & Aqua Industry Public ကုမ္ပဏီလီမိတက်သို့ ရောက်ရှိပြီး သမဝါယမစာရင်းရေး စာရင်းကိုင် သင်တန်းကျောင်း (ပုသိမ်) မှ ကျောင်းဆင်းပြီး ကုမ္ပဏီလုပ်ငန်းခွင် ဝင်ရောက်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၇ ရွာမှ သမဝါယမအသင်း ၃၄ သင်းရှိ အသင်းသားတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက် ရောက်သည်။

တွေ့ဆုံပွဲတွင် Global Earth Agro & Aqua Industry Public ကုမ္ပဏီ ဥက္ကဋ္ဌက စပါးခွံအသုံးပြုပြီး Gasifier နှင့် Gas Engine ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်၍ ယခုအခါ စမ်းသပ်လည်ပတ်နေမှု၊ စပါးခွံအသုံးပြုပြီး Gasifier နှင့် Gas Engine ဖြင့် လျှပ်စစ် ဓါတ်ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် စပါးခွံလိုအပ်မှု၊ ငါးအစာတောင့်ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ဖွဲနုများလိုအပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံအမြန်လည်ပတ်နိုင်ရေးနှင့် ငါးတန်ငါး သားဖောက်များ ပိုမိုထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စက်ရုံအတွက် လိုအပ်သော စပါး၊ စပါးခွံများ၊ ဖွဲနုများရရှိရေး သမဝါယမသင်သား တောင်သူများနှင့် ချိတ်ဆက်၍ သမဝါယမစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ စက်ရုံအတွင်း ငါးတန် ငါးသားဖောက်များ ထုတ်လုပ်နေမှု၊ ငါးအစာတောင့် ထုတ်လုပ်သည့်စက်ရုံ၊ ငါးအသားလွှာနှင့် အခြားတန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံနှင့် ငါးအအေးခန်းသိုလှောင်ရုံ တည်ဆောက်နေမှု၊ စပါးခွံအသုံးပြုပြီး Gasifier နှင့် Gas Engine ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ စမ်းသပ်လည်ပတ်နေမှုနှင့် စပါးခွံသိုလှောင်ရုံ တည်ဆောက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ် ကညင်ကောက်ကြီး ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာသို့ရောက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခုယဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ ရန်ပုံငွေ၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသောကျေးရွာတွင်းလမ်း ကွန်ကရစ် ခင်းဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်