တီဟီရန်၊ ဇူလိုင် ၇

 

အီရန်သမ္မတ မာဆက် ပီဇီရှ်ကီရန်သည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရ ပြီးနောက် ၎င်း၏ပထမဆုံးမိန့်ခွန်းကို ပြောကြားခဲ့ကြောင်း သိရသည်။ ပြုပြင်ပြောင်းလဲရေးသမားဖြစ်သည့် သမ္မတ မာဆက်ပီဇီရှ်ကီရန်သည် ထောက်ခံမဲ ၅၃ ရာခိုင်နှုန်းရရှိပြီး ရှေးရိုးစွဲ ဝါဒီ ဆာအီဒ် ဂျာလီလီသည် ထောက်ခံမဲ ၄၄ ရာခိုင်နှုန်းရရှိခဲ့သည်။

အီရန်သည် ပိုမိုကောင်းမွန်သော အနာဂတ်ရရှိပိုင်ဆိုင်ရန်အတွက် စမ်းသပ်မှုတစ်ခုနှင့် ရင်ဆိုင်နေရကြောင်း မာဆက် ပီဇီရှ်ကီရန်က ၎င်း၏အောင်ပွဲခံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

စီးပွားရေးပိတ်ဆို့မှုများရုပ်သိမ်းရန်နှင့် အီရန်၏နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ၂၀၁၅ သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းရာတွင် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် အဆင်သင့်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် တတ်နိုင်သမျှ အမြန်ဆုံး စတင်လုပ်ဆောင်စေလိုကြောင်း အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ရွေးကောက်ခံသမ္မတ မာဆက်ပီဇီရှ်ကီရန်အား တိုက်တွန်းပြောကြားသည်။

ထို့ပြင် သမ္မတမာဆက်ပီဇီရှ်ကီရန်အနေဖြင့် အခြားနိုင်ငံများနှင့် ဆက်ဆံရေးတည်ဆောက်သွားမည်ဟု ယုံကြည် ကြောင်းလည်း  အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

သို့သော် အီရန်နိုင်ငံ၏ ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါ မေနီက ရွေးကောက်တင်မြှောက် ခံရသော သမ္မတသည် နိုင်ငံ့ခေါင်းဆောင်များ ချမှတ်ခဲ့သည့် လမ်းစဉ်ကို ဆက်လက် လိုက်နာဆောင်ရွက်ရန်နှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် တောက်ပသောအနာဂတ်ကို မျှော်မှန်းထားကြောင်း ကြေညာချက် ထုတ်ပြန်သည်။

အီရန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲ လုပ်ဆောင်ရာတွင် ကွန်ဆာဗေးတစ်အများစု ပါဝင်သည့် ပါလီမန်၌ သမ္မတမာဆက်ပီဇီရှ်ကီရန် အနေဖြင့် မည်သို့ဦးဆောင်ကိုင်တွယ်ထိန်းကျောင်းသွားမည်လဲ ဆိုသည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်