ဂျေရုဆလင် ဇူလိုင် ၇

 

ဂါဇာကမ်းမြောင်၌ အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများ လွှတ်ပေးရေးနှင့်ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင် ဟားမတ်စ်အဖွဲ့က အစ္စရေး၏တောင်းဆိုချက်များကို သဘောတူညီရန် ဆန္ဒရှိကြောင်း မီဒီယာများက သတင်းဖော်ပြသည်။ သို့သော်လက်ရှိတွင် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာ၌ လေကြောင်း တိုက်ခိုက်မှုနှင့် မြေပြင်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ ရာဖာနှင့် ခန်ယွန်နစ်မြို့တို့သည် ရွှေ့ပြောင်းဒုက္ခသည်များစွာ ခိုလှုံနေကြသည့် မြို့များဖြစ်သော်လည်း ဇူလိုင် ၅ ရက်တွင် အစ္စရေးတပ်ဖွဲ့ဝင်များက၎င်းဒေသများ၌ စစ်ဆင်ရေး ပြင်းထန်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

အစ္စရေးတပ်ဖွဲ့၏  လေကြောင်းတိုက်ခိုက်မှု အတွင်း အနည်းဆုံး ၁၀ ဦး   သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများကို ခန်ယွန်နစ်မြို့ရှိ နက်စ်ဆာဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။ ဒဏ်ရာရသူများတွင် ကလေးငယ်များလည်း ပါဝင်သည်။

လက်ရှိတွင် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား စေ့စပ်ညှိနှိုင်းမှုများသည် ကာတာနှင့် အခြားဖျန်ဖြေပေးသည့် နိုင်ငံများမှတစ်ဆင့်  ဆက်လက်လုပ်ဆောင် လျက်ရှိသည်။ ဆွေးနွေးလျက်ရှိသည့် အဆင့်သုံးဆင့် အဆိုပြုချက်တစ်ခုအတွက် ဟားမတ်စ်သည် လိုက်လျောညီထွေရှိသော အခြေအနေများကို ပြသနေသည်ဟု သတင်းအရင်းအမြစ်များက သတင်းဖော်ပြသည်။

ဟားမတ်စ်သည် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်မထိုးမီ အစ္စရေး၏ အမြဲတမ်းအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကတိကဝတ်ကို အကြိုအခြေအနေ တစ်ရပ်အနေဖြင့် တောင်းဆိုခြင်းမပြုတော့ဘဲ ပထမ ခြောက်ပတ်အဆင့်တွင် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် စေ့စပ်ညှိနှိုင်းသွားမည်ဟု သိရသည်။

သို့သော် နှစ်ဖက်ကြား ကွာဟချက်ရှိနေဆဲဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ဇူလိုင် ၆ ရက်တွင် ကြေညာခဲ့သည်။ ဆက်လက်ညှိနှိုင်းရန် အစ္စရေးအဖွဲ့တစ်ဖွဲ့ကို လာမည့်သီတင်းပတ်တွင် စေလွှတ်မည်ဖြစ်ကြောင်း အဆိုပါရုံးက ပြောသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်