နိုင်ငံအတွက် အန္တရာယ်ကြီးမားသည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတော်က ထိရောက်စွာ ဆောင်ရွက်လျက်ရှိသည်။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် သတင်းအချက်အလက်ရရှိရေးသည် လွန်စွာအရေးပါပြီး မှန်ကန်သည့်သတင်းကို အချိန်မီရရှိနိုင်ရန် လိုအပ်သည့်အလျောက် တာဝန်သိပြည်သူများ၏ သတင်းပေး တိုင်ကြားမှုများကို သက်ဆိုင်ရာက ဖိတ်ခေါ်လျက်ရှိပြီး သတင်းပေးဆုကြေးငွေ များကိုလည်း ချီးမြှင့်လျက်ရှိသည်။
တရားမဝင်ကုန်သွယ်မှုများသည် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ဝင်ငွေများဆုံးရှုံးစေခြင်း၊ အသက်များ ဆုံးရှုံးစေခြင်း၊ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးစေခြင်း စသည့်အကျိုးဆက်များ ဖြစ်ပေါ်စေကာ ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှု ဖြစ်နေခဲ့သည်။ နှစ်စဉ်ကမ္ဘာတစ်ဝန်းတွင် ကုန်စည်အတု ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၉ ဘီလီယံခန့်ရှိပြီး ဆေးဝါးအတုများကြောင့် ကလေးငယ်များအပါအဝင် လူနာများသေဆုံးခြင်း၊ စိုက်ပျိုးရေးသုံးဓာတုဆေးအတု၊ ပိုးသတ်ဆေး အတုများကြောင့် ငွေကြေးဆုံးရှုံးမှုနှင့် မြေဆီလွှာနှင့် သဘာဝသယံဇာတ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ အာဆီယံဒေသတွင်းသို့ နှစ်စဉ်ကုန်ပစ္စည်းအတု အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံခန့်နှင့် ဆေးဝါးအတု အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံခန့် ဝင်ရောက်လျက်ရှိရာ စီးပွားရေးအရ နစ်နာဆုံးရှုံးမှု နှစ်စဉ်အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့်ရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံသည် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန် စသည့်အဓိက ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှု ကွာခြားချက်သည် တစ်နှစ်လျှင်အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်မှ ၁၂ ဘီလီယံ အထိ ကွာခြားနေကြောင်း International Trade Centre (ITC) ၏ အချက်အလက်များတွင် ဖော်ပြထားရာ ယင်းပမာဏသည် တရားမဝင်ကုန်သွယ်မှုတန်ဖိုးဖြစ်သည်ဟုဆိုနိုင်သည်။ နိုင်ငံကို ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရာတွင် တရားမဝင်ကုန်သွယ်မှုများက နိုင်ငံတော်၏ ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအဟန့်အတားဖြစ်စေသည်။ နိုင်ငံက ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာကိုလည်း များစွာဆုံးရှုံးစေသည့်အပြင် နိုင်ငံ၏လူမှုစီးပွားရေး ကဏ္ဍများအပေါ်တွင်လည်း ဆိုးကျိုးများကို သက်ရောက်စေသည်။ တရားမဝင်ကုန်သွယ်မှုများနှင့် ဆက်စပ်၍ တရားဥပဒေ စိုးမိုးရေးအပေါ်ထိခိုက်စေပြီး နိုင်ငံ့ဝန်ထမ်းများ အကျင့်ပျက်မှု၊ အဂတိလိုက်စားမှုတို့ကို ဖြစ်ပေါ် စေကာ အကျင့်စာရိတ္တအားနည်းလာစေပြီး အုပ်ချုပ်မှု ယန္တရားကိုလည်း ထိခိုက်လာနိုင်သည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ကို ပြင်ဆင်ဖွဲ့စည်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဖမ်းဆီးရမိအမှုတွဲ ၁၂၄၃၀ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀ ဒသမ ၁၇၆ ဘီလီယံ ဖမ်းဆီးရမိခဲ့သည်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီး ဌာနက ဦးဆောင်သည့် One Stop Service အဖွဲ့များက နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တာဝန်သိပြည်သူများ၏ သတင်းပေး တိုင်ကြားမှုများကြောင့် ပြီးခဲ့သည့် ဇွန်လအတွင်း ဖမ်းဆီးရမိ အမှုတွဲ ၆၁ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉၅ ဒသမ ၅၀ သန်းနှင့် တရားမဝင် ကုန်စည်များတင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါအမှုတွဲများအတွက် သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများအား ဖမ်းဆီးရမိမှု တန်ဖိုးငွေ၏ ၂၀ ရာခိုင် နှုန်းဖြစ်သော ငွေကျပ် ၂၁၉ ဒသမ ၁ သန်းကို ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်သည်ဟု သိရသည်။ တရားမဝင်ကုန်သွယ်မှု သတင်းများနှင့်ပတ်သက်၍ လက်ကိုင်ဖုန်း - ၀၉ - ၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်း - ၀၆၇ - ၄၀၉၈၈၃ နှင့် အီး-မေးလ် antiillegaltradeinfo @ gmail.com သို့ သတင်းအချက်အလက် မှန်ကန်ခိုင်မာစွာနှင့် အချိန်မီပေးပို့ကြခြင်းဖြင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် တာဝန်သိစွာ ပူးပေါင်းပါဝင် ကြရပါမည့်အကြောင်း။
မြန်မာ့အလင်း