အမ်မန်၊ ဇူလိုင် ၇
ဂါဇာအလယ်ပိုင်း နျူဆီရတ်ဒုက္ခသည်စခန်းရှိ စာသင်ကျောင်းတစ်ခုကို ယမန်နေ့ကအစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် ဂါဇာကမ်းမြောင်ဒေသ၌ နေရပ်စွန့်ခွာ ပါလက်စတိုင်းများ၏ ခိုလှုံရာ နေရာများအား အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်မှုအပေါ် ဇူလိုင် ၇ ရက်တွင် ဂျော်ဒန်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း သိရသည်။
ကုလသမဂ္ဂက ယာယီခိုလှုံရာအဖြစ် ပြောင်းလဲပေးသည့်စာသင်ကျောင်းအပေါ် အစ္စရေး၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူများအနက် ၁၆ ဦး သေဆုံးရာ အများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ပါလက်စတိုင်း တရားဝင်သတင်း အေဂျင်စီ WAFA က ထုတ်ပြန် ထားသည်။
ဂါဇာ၌ ပါလက်စတိုင်းများအပေါ် အစ္စရေး၏ စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေမှု အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနှင့် ယင်းသို့လုပ်ဆောင်ခြင်းမှာ နိုင်ငံတကာဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေများအပေါ် အစ္စရေး၏ အလေးမထားခြင်းကို ထင်ဟပ်စေ ကြောင်း ဂျော်ဒန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆက်ဖ်ဖီအန် ခရူဒက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆင်ဟွာ