သိန်းညွန့်(P.Z.L)

 

အဖြူရောင်အဆင်း၊ အမောက်လည်တိုင်နှင့် အမြီးပိုင်းမီးခိုးရောင်ဖြင့် အောက်မေးစေ့တွင် ပါရှိသော ဆန့်နိုင်ကျုံ့နိုင် လှုပ်ရှားနိုင်သည့် အိတ်ဖြင့် ရေပြင်တစ်လွှား ကျက်စားမြူးထူးသည့် ငှက်ကြီးဝန်ပို။

 

ငါးများကို ကျင်လည်စွာဖမ်းယူ

ရေပြင်တွင် ကျွမ်းကျင်လှသည့် ကူးခပ်ဟန်ဖြင့် ငါးများကိုကျင်လည်စွာ ဖမ်းယူစားသုံးကြသော ငှက်ကြီးဝန်ပိုနှင့်စပ်လျဉ်း၍ ပုံပြင်တစ်မျိုးပင် ရှိခဲ့ဖူးသည်။ ယင်းသည်ကား အောက်နှုတ်သီးတွင် ပါရှိသော အိတ်ကြီး၏ပမာဏသည် ကလေးငယ်တစ်ဦးကိုပင် ပုခက်ကဲ့သို့ ထည့်သိုကာ ပျံသန်းနိုင်ကြောင်း ဖော်ညွှန်းထားခြင်းပင် ဖြစ်ပေသည်။

မြန်မာကဗျာစာဆိုကြီး မင်းသုဝဏ်ကလည်း “ငှက်ကြီးဝန်ပို ဟူသည့်ကဗျာတွင် ငှက်ကြီးရယ်ဆို၊ ဝန်ပိုရဲ့သား၊ လက်ပံပင် မိခင်သိပ်တယ်၊ အိပ်ပါတော့လား ဟူ၍ ငှက်ကြီးဝန်ပိုကို စာတစ်စောင် ကဗျာတစ်ပုဒ်အဖြစ် ထုဆစ် ဖော်ညွှန်းခဲ့ပေသည်။

 

ကမ္ဘာတစ်ခွင်၌ မျိုးစိတ်ရှစ်မျိုးရှိ

Spot-billed Pelican ဟူ၍ အင်္ဂလိပ်အမည်ရ ငှက်ကြီးဝန်ပိုသည် ခန္ဓာကိုယ်ကြီးမားသည်နှင့်အမျှ ခြေတံတို၍ ခြေချောင်းများ၌ ရေယက်ပါရှိသည်။ ကမ္ဘာတစ်ခွင်၌ ငှက်ကြီးဝန်ပိုငှက်မျိုးစိတ် ရှစ်မျိုးရှိကြောင်း သိမှတ်ရပြီး မြန်မာနိုင်ငံ၌မူ မျိုးစိတ်နှစ်မျိုး ကျက်စားကြရာ နိုင်ငံ၏ အနောက်၊ မြောက်၊ တောင်ပိုင်း နှင့် တနင်္သာရီမြောက်ပိုင်း၌ အဓိကတွေ့ရှိရကြောင်း၊ ဟူးကောင်းချိုင့်ဝှမ်း၊ အထက် ချင်းတွင်းဒေသနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း ကျက်စားကြောင်း တွေ့ရှိရသည်။ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် ကချင်ပြည်နယ် အင်းတော်ကြီးဒေသ၌လည်း နေထိုင်ကျက်စားကြကြောင်း တွေ့ရှိရသည်။

 

ဆောင်းခိုငှက်မဟုတ်

ရေတိမ်ပြီး ရေချိုရေတိမ်ဒေသများ၌ ကျက်စားလေ့ရှိသော ငှက်ကြီးဝန်ပိုသည် ဆောင်းခိုငှက် အမျိုးအစားမဟုတ်ဘဲ အခြားရေငှက်အုပ်စုများနှင့်ပါ ရောနှောအသိုက်ဖွဲ့ကာ ကျက်စားကြလေ့ ရှိသည်။ နိုင်ငံတကာသဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN) က ငှက်ကြီးဝန်ပိုမျိုးစိတ်ကို ၂၀၀၇ ခုနှစ်ကတည်းကပင် မျိုးသုဉ်းမှုအန္တရာယ် ခြိမ်းခြောက်ခံလုနီးအဆင့် သတ်မှတ်ထားခဲ့ရာ ကောင်ရေ တဖြည်းဖြည်းကျဆင်းလာခဲ့ကြောင်း သိမှတ်ရသည်။