နေပြည်တော် ဇူလိုင် ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများကို နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှ အွန်လိုင်းဖြင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းများဖွင့်လှစ်ခဲ့သည့် တစ်လကျော်ကာလအတွင်း စာသင်ခန်းများတွင် ဆရာ ဆရာမ၊ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား သင်ယူနေကြပြီဖြစ်ကြောင်း၊ အခြေခံပညာ ကျောင်းသားကျောင်းသူ ၇ ဒသမ ၄ သန်းခန့် အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်ပေးခဲ့ကြသည့် ဆရာ ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အားလုံးကို အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့ဝန်းကျင်တွင်ရှိသည့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းသို့ရောက်ရှိရေး၊ KG+9 အခြေခံပညာ အလယ်တန်းအဆင့် ပညာသင်ယူပြီးမြောက်ရေးအတွက်လည်း ဆက်လက်၍ ဝိုင်းဝန်းလက်တွဲ ကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း။
ဆရာဆရာမများ အနေဖြင့် မိဘမဲ့ကလေးများ၊ ပရဟိတ ကျောင်းများမှကလေးများ၊ စစ်ဘေးရှောင်ကလေးများ ကျောင်းသို့ရောက်ရှိလာသည့်အခါ စိတ်ဓာတ်ခွန်အားပေး၍ နွေးနွေးထွေးထွေး ဖေးမကူညီစောင့်ရှောက်ပေးကြစေလိုကြောင်း၊ ဆရာ ဆရာမဟူသည် ကျောင်းသား ကျောင်းသူများ၏ ပဲ့ကိုင်ရှင်များဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများ တိုင်းချစ်ပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိစေရန်၊ မိမိယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်စေရန်၊ မိဘ ဆရာနှင့် အသက်ကြီးသူများအပေါ် ဂါရဝါတရားရှိစေရန် ဆုံးမပဲ့ပြင် ပေးကြစေလိုကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဟူသော ဆောင်ပုဒ်သည် ပညာရေးဝန်ကြီးဌာန တစ်ခုလုံးအတွက် ကိုယ်စားပြုပါကြောင်း၊ ဆရာဆရာမများ ကိုယ်တိုင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာအရည်အသွေးများ တိုးတက်မြင့်မားအောင် ကြိုးစားအားထုတ်၍ မိမိတို့သင်ကြားလိုက်သည့် တပည့်ကျောင်းသားကျောင်းသူများကို စိတ်ဓာတ်၊ စည်းကမ်း၊ ပညာအရည်အသွေးများ တိုးတက်မြင့်မားသူများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်ပါကြောင်း။
လူငယ်များ၏ ကောင်းသောအသိကို မြှင့်တင်ကာ ပညာသတိ၊ ယဉ်ကျေးလိမ်မာ အသိရှိအောင် သင်ပြလေ့ကျင့်ပေးကြစေလိုကြောင်း၊ တက္ကသိုလ်များ၊ ကျောင်းများ၏ ဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊ ခြုံပုတ်များ ကင်းစင်ရေးအတွက် အလေးထား ဆောင်ရွက်ရန်နှင့် မိုးတွင်းကာလဖြစ်၍ စာသင်ဆောင်၊ ကျောင်းဆောင်များနှင့် မလွတ်ကင်းသည့် သစ်ပင်ကြီးများရှိပါက မလွတ်ကင်းသည့် သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်း၍ အလင်းဖွင့်ပေးရန်လိုကြောင်း၊ ပညာရေးဝန်ထမ်းများအနေဖြင့် နိုင်ငံတော် အစိုးရ၏မူဝါဒများ၊ လက်ရှိဆောင်ရွက်နေသည့် ပညာရေးမူဝါဒများ၊ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများနှင့် မိမိ၏လုပ်ငန်းတာဝန်များကို သိရှိနားလည်ရန်လိုအပ်ပြီး ပါတီနိုင်ငံရေး ကင်းရှင်း၍ နိုင်ငံအတွက် သစ္စာရှိရှိဖြင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူတိုင်း ပညာသင်ယူမှု အခွင့်အလမ်း အပြည့်အဝရရှိစေရေး အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ကျောင်းနေအရွယ် ကျောင်းသားအားလုံး ကျောင်းစာသင်ခန်းအတွင်း ရောက်ရှိရေးအတွက် အရည်အသွေးရှိသော သင်ကြား နည်းစနစ်များနှင့် သင်ယူမှု ဝန်းကျင်ကောင်းတို့ဖြင့် ဆွဲဆောင်စည်းရုံးပေးကြရန် မှာကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ဆရာ ဆရာမများ အထက်အောက် အပြန်အလှန် လေးစားတန်ဖိုးထား၍ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ပညာရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က သက်ဆိုင်ရာဦးစီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်ပညာရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး တင်ပြခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


