နေပြည်တော်၊ ဇူလိုင် ၈

မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးသို့ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေးက နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုဆိုင်ရာ အာဆီယံ သဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution – AATHP) ကို မြန်မာနိုင်ငံအနေဖြင့် ၂၀၀၂ ခုနှစ် ၊ ဇွန် ၁၀ ရက်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဧပြီ ၇ ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ် ညှိနှိုင်းအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “သုံးနိုင်ငံနယ်စပ်ဒေသတွင် စိုက်ပျိုးရေး ဆောင်ရွက်ရာ၌ တောင်ယာစိုက်ပျိုးမှုကိုလျှော့ချရန်၊ ကုန်းမြင့်လယ်ယာ စိုက်ပျိုးခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ရန်နှင့် နည်းပညာများ အသုံးပြုဆောင်ရွက်ရန်”လိုကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါကြောင်း။

မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေးကော်မတီအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးအတွက် နည်းလမ်းများ၊ လုပ်ဆောင်မည့် အစီအမံများ၊ ကျေးရွာများအထိ ဒေသခံများ လက်တွေ့လုပ်ဆောင်နိုင်မည့် လုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က ကော်မတီဝင်များအနေဖြင့် နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သုံးသပ်ဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း ပြောကြား သည်။

ယင်းနောက် မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ အတွင်းရေးမှူး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံအတွင်း မီးလောင်မှုအရေအတွက် (Fire Hotsopt) လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးဖြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ကိုယ်စားလှယ်များက မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်