ရန်ကုန် ဇူလိုင်  ၈

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ် () ရန်ကုန်ရှိ ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန (MEDICAL SKILLS, SIMULATION AND RESEARCH CENTER) သို့ ရောက်ရှိပြီး အလုပ်သင်ဆရာဝန်သစ်လွင် (/၂၀၂၄) များနှင့် တွေ့ဆုံ အမှာစကား ပြောကြားသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သင်ကြားရေးဆေးရုံကြီးများနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များတွင် ဇူလိုင် ၁ ရက်မှစ၍ အလုပ်သင်ဆရာဝန် လေ့ကျင့်တာဝန်ထမ်းဆောင် ကြမည့်သူများမှာ ဆေးတက္ကသိုလ် () ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး) ဆေးတက္ကသိုလ် () ရန်ကုန်၊ ဆေးတက္ကသိုလ် (မကွေး) ဆေးတက္ကသိုလ် (တောင်ကြီး) စသည့်ဆေးတက္ကသိုလ်များမှ အလုပ်သင်ဆရာဝန် (၁၂၇၅) ဦး၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်)၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး) စသည့် တက္ကသိုလ်တို့မှ (၂၃) ဦး စုစုပေါင်း (၁၂၉၈) ဦးရှိပြီး မိမိတို့အနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း။

နိုင်ငံတော်၏ အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး အသက်ရှည် ကျန်းမာသည့် ကျန်းမာရေးစနစ် ဖြစ်ပေါ်လာရေးဆိုသည့် လူမှုရေးဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဒေသ အောက်ခြေထိ ကျန်းမာရေး အသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွားလျှင် ထိရောက်စွာကုသပေးခြင်း စသည့်အရေးကြီးသည့် နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုအခန်း ကဏ္ဍများတွင် မိမိသင်ယူတတ် မြောက်ထားသော ဆေးပညာရပ်များကို အခြေခံပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စိတ်ရောကိုယ်ပါ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း။

နိုင်ငံတော် အနေဖြင့် ၂၀၂၂ ခုနှစ်မှ စတင်ပြီး အလုပ်သင်ဆရာဝန် ချီးမြှင့်ငွေကို တိုးမြှင့်၍ ချီးမြှင့်ပေးခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင်လည်း မိမိတို့ တာဝန်ကျရာ ဒေသရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ခေတ်ကာလအခြေအနေအရ ပြောင်းလဲလာသော ဆေးကုသမှုစနစ်များကို လေ့လာပြီး ဆရာဝန်ကောင်းတစ်ယောက်တွင် ရှိသင့်သည့် ဝတ်စားဆင်ယင်မှု၊ ဉာဏ်ရည်ဆိုင်ရာစွမ်းရည် (IQ) စိတ်ခံစားမှုဆိုင်ရာစွမ်းရည် (EQ) လူမှုရေးဆိုင်ရာစွမ်းရည် (SQ) နှင့် အခက်အခဲရင်ဆိုင်နိုင်မှုစွမ်းရည် (AQ) စသည့် အရည်အချင်းကောင်းများကို မွေးမြူ၍ အရက်သေစာ သောက်စားခြင်းများမူးယစ်ဆေးဝါးများ၏ အန္တရာယ်မှ ကောင်းစွာရှောင်ကြဉ်ပြီး လေ့လာဆည်းပူး တတ်မြောက်ထားသော ဆေးပညာရပ်များကို လက်တွေ့အသုံးချကာ ဆရာဝန်တစ်ယောက်၏ စစ်မှန်သော ခံယူချက်၊ ယုံကြည်ချက်များဖြင့် ဆရာဝန်များ လိုက်နာရမည့် ကျင့်ဝတ်နှင့်အညီ စိတ်ဓာတ် မယိမ်းယိုင်ဘဲ မြင့်မြတ်လှသည့် ဆရာဝန်စိတ်ကို အရင်းခံပြီး Professional ပီသစွာဖြင့် လူနာများ ခံစားနေရသော ရုပ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများကို ပြုစုကုသပေးသွားကြရန် အလေးအနက် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥက္ကဋ္ဌနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အလုပ်သင် ဆရာဝန်သစ်လွင် မောင်/မယ်များကို ဆရာဝန်စိတ်ဓာတ်နှင့် အရင်းခံ၍ ခံယူချက် ကောင်းကောင်းထားကာ စိတ်ရောကိုယ်ပါ ကြိုးစားတာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သင်ဆရာဝန် သစ်လွင် မောင်/မယ်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အဆိုပါအဆောက်အဦး ဒုတိယအလွှာရှိ Non Technical Skill Lab ၌ သင်ကြားလျက်ရှိသော Basic Surgical Skill Course အခြေခံခွဲစိတ်ကုဆိုင်ရာ သင်တန်းကို ဝင်ရောက်ကြည့်ရှု၍ တစ်ဦးချင်းစီ၏ လက်တွေ့ကြိုးစား လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။

 

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ မြန်မာနိုင်ငံ ဆေးကောင်စီ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ်များ၊ သင်ကြားရေးဆေးရုံအုပ်ကြီးများ၊ သက်ဆိုင်ရာတက္ကသိုလ်များမှ သင်ကြားရေးဆရာ၊ ဆရာမများနှင့် အလုပ်သင်ဆရာဝန်များ တက်ရောက်ကြပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ တက္ကသိုလ်များမှ အလုပ်သင်ဆရာဝန်များနှင့် တာဝန်ရှိသူများက online စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်