နေပြည်တော် ဇူလိုင် ၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ငွေစင်ပုလဲ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူက စက်ရုံလည်ပတ်နေမှုနှင့် အရည်အသွေး စစ်ဆေးမှု အဆင့်ဆင့်ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှ နို့ထွက် ပစ္စည်းများတင်သွင်းမှု လျှော့ချရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချရေးဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည့်ကုန်ကြမ်းများ လုံလောက်စွာရရှိရေးအတွက် နို့စားနွားမွေးမြူရေးလုပ်ငန်းများ စနစ်တကျတိုးချဲ့ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း တောင်သူများ သမဝါယမနစ်ဖြင့် မွေးမြူနိုင်ရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ၊ အစာများရရှိရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ထွက်ရှိလာသော ကုန်ကြမ်းများကို နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများ နှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခက်အခဲများရှိပါက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် အမှတ်(၁၆) အခြေခံပညာ မူလတန်းကျောင်းသို့ ရောက်ရှိပြီး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ ကျောင်း၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ကျောင်းသား ကျောင်းသူ (၈၀၀) ကျော်အတွက် အာဟာရ ဒါနအဖြစ် နွားနို့များလှူဒါန်းတိုက်ကျွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


