ရန်ကုန်၊ ဇူလိုင် ၈

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်/ ဆေးရုံအုပ်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံ အုပ်ကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ် ၁ (ထူပါရုံ) ရပ်ကွက်ရှိ စံပြဥယျာဉ်ဈေးသို့ ရောက်ရှိပြီး ဈေးအတွင်း အသားငါးများ ရောင်းချရာနေရာများ၊ အခြားဈေးဆိုင်များနှင့် ဈေးအတွင်းသို့ ရေပေးဝေသည့် ရေသိုလှောင်ကန်တို့ကို လှည့်လည်ကြည့်ရှုကာ သန့်ရှင်းမှုအခြေအနေ၊ ယင်မနားအောင် ဆောင်ရွက် ရောင်းချနေမှု ရှိ / မရှိနှင့် ရေသိုလှောင် ဖြန့်ဖြူးမှုစနစ်များကို ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် ရေသိုလှောင်ကန်အား ကလိုရင်း ဆေးခတ်ခြင်း၊ လက်ဆေးဆပ်ပြာရည်နှင့် ဆပ်ပြာခဲများ ဖြန့်ဝေခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေး ပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သာကေတမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (သာကေတ)သို့ ရောက်ရှိပြီး ကျောင်းအတွင်း သောက်ရေသန့် ဖြန့်ဖြူးသည့်စနစ်နှင့် ကျောင်းအိမ်သာများ သန့်ရှင်းမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဓါတ်ဆားထုတ်များ၊ လက်ဆေးဆပ်ပြာရည်နှင့် ဆပ်ပြာခဲများကို ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံအုပ်ကြီးများ၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် တွေ့ဆုံပြီး လတ်တလော ဖြစ်ပွားနေသော ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ ဆောင်ရွက်ခဲ့မှုများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကူညီပံ့ပိုးပေးမှုများကြောင့် အချို့မြို့နယ်များတွင် လူနာသစ်များ လျော့ကျသွားသည်ကို တွေ့ရှိရကြောင်း၊ ထပ်မံမကူးစက်စေရန် သတိထားဆောင်ရွက်ရမည့် လုပ်ငန်းများအနေဖြင့် သန့်ရှင်းလတ်ဆတ်သော အစားအသောက်များသာ စားသုံးရန်၊ ရေကိုကျိုချက် သောက်ရန်၊ အစာမစားမီနှင့် အိမ်သာမှထွက်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့်ဆေးရန်၊ ပတ်ဝန်းကျင်နှင့်တကိုယ်ရည်သန့်ရှင်းရေး ဂရုပြုဆောင်ရွက်ရန် အစရှိသော ကာကွယ်ရေး လုပ်ငန်းများ၊ ကူးစက်ခံရသော လူနာများကို ရှာဖွေခြင်း၊ ကုသခြင်း၊ လွှဲပြောင်းခြင်း စသည့် ကုသရေးလုပ်ငန်းများ၊ ရောဂါနောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းရမည့် နည်းလမ်းများနှင့် အခြားသူများသို့ ထပ်မံကူးစက်မခံရစေရန် သတိထားဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ခရိုင်/ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ အနေဖြင့် ကျန်းမာရေး အသိပညာပေးခြင်း၊ လူနာများကို စောစီးစွာသိရှိကုသခြင်းနှင့် ယင်လုံအိမ်သာ သုံးစွဲကြစေရေး စသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကာကွယ်ဆေးထိုးခြင်း၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုပေးခြင်း ကဲ့သို့သော အခြားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တစ်ပါတည်း ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေးအခြေအနေ ပိုမိုမြင့်မားလာအောင် စီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ပြည်သူများ အနေဖြင့် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် နှီးနွယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး လတ်တလောတွင် ကူးစက်မှု ကွင်းစက်ဖြတ်တောက်နိုင်ရန် ကလိုရင်း ဆေးခတ်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လူစုလူဝေးများသော စာသင်ကျောင်းများနှင့် ဘာသာရေးနေရာများတွင်လည်း ရောဂါကာကွယ် တားဆီးနိုင်ရေးအတွက် ရေ၊ အစားအသောက်နှင့် မိလ္လာသန့်ရှင်းမှု အခြေအနေ စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေအရင်းအမြစ် အားလုံးကို ကလိုရင်းခတ်ရန်နှင့် လိုအပ်သော ပမာဏ ရှိ/မရှိ သေချာစေရန် စစ်ဆေးရမည်ဖြစ်ကြောင်း၊ လူနာများကို ကုသရာတွင် လိုအပ်သော ဆေးဝါးပစ္စည်းများကို ပြည်သူ့ဆေးရုံများတွင် လုံလောက်စွာ ထောက်ပံ့ပေးပြီး ဓါတ်ခွဲစစ်ဆေးမှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံရသူတိုင်းကို ကုသရေးလမ်းညွှန်ချက်များနှင့်အညီ ကုသမှ ရရှိနိုင်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် အမျိုးသားကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ဝင် ပါမောက္ခ စိုးလွင်ငြိမ်းက ပညာရပ်ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများက ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ Chlorine Drum (၄၀) နှင့် Water Purification Tablet (၅၀၀,၀၀၀) လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်